
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသသည် အင်အားကြီးနိုင်ငံများ အားပြိုင်သည့် စစ်မြေပြင်တစ်ခုမဖြစ်သင့်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရှီသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အိုမန် ဘုရင် ဟိုက်သမ် ဘင် တာရစ် အယ်လ်ဆာအိဒ်နှင့် တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အာရပ်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသ၌ သံတမန်ရေးအရ ထင်ထင်ပေါ်ပေါ် နေထိုင်လေ့မရှိခဲ့သော်လည်း ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ စေခဲ့ပြီး ကမ္ဘာ့ စွမ်းအင်နှင့် သင်္ဘောတင်ပို့ခ စရိတ်များကို မြင့်တက်စေခဲ့သည့် အမေရိကန်၊အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တင်းမာမှုများကို အဆုံးသတ်အောင် ကူညီရန် ကြိုးပမ်းမှုများကို တိုးမြှင့် ဆောင်ရွက်လာခဲ့သည်။
ကမ္ဘာကြီးသည် နက်ရှိုင်းသော ပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း ရှီက အိုမန်ဘုရင် ဟိုက်သမ် ဘင် တာရစ် အယ်လ်ဆာအိဒ်ကို ပြောကြားခဲ့သည်။
"အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ ဒေသဟာ အင်အားကြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေအတွက် စစ်မြေပြင် မဖြစ်သင့်ပါဘူး။ ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးရဲ့ ပူးပေါင်း စောင့်ရှောက်ထိန်းသိမ်းမှု လိုအပ်ပါတယ်" ဟု ရှီက ပြောကြားခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အစဉ်တစိုက် အလေးထား လုပ်ဆောင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အသိဉာဏ် ပညာနှင့် နည်းလမ်းများကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ရှီက ဆက်လက် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်နိုင်ရန်နှင့် ရေရှည်တည်တံ့သော တည်ငြိမ်ရေး၊ လုံခြုံရေးတို့ ရရှိစေရန် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင် နိုင်ငံများ အပါအဝင် အာရပ်နိုင်ငံများနှင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းအောင် ဆောင်ရွက်သွားလိုကြောင်း ရှီ က ဆိုသည်။
အချက် ၂၀ ပါဝင်သော ပူးတွဲ ထုတ်ပြန်ချက်တစ်ခု၌ ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းလုံခြုံစွာနှင့် ပုံမှန်ရေကြောင်းသွားလာမှုများ ပြန်လည် စတင်သင့်ကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့သည်။ ထို့ပြင် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ဇွန်လအတွင်း ရရှိခဲ့သော သဘောတူညီချက်ကို ပြန်လည် အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းသော နည်းလမ်းများကို အသုံးပြုရန်နှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် အမေရိကန်နှင့် အီရန်တို့ကို ထုတ်ပြန်ချက်တွင် တိုက်တွန်းခဲ့ကြသည်။
အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးသံတမန် ကျိဟွမ်ကျန်းသည် ယခုလအတွင်း အီရန်၊ အိုမန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်နှောင်းပိုင်းတွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။
Photos - AFP