Eleven Media Group

အီရန်၏တောင်းဆိုချက်များကို အမေရိကန်ဘက်က လက်ခံပါက ဟော်မုဇ်ရေလက်ကြားကို နှစ်ရက်အတွင်း ပြန်ဖွင့်ပေးရန် အီရန်အသင့်ရှိနေ

အီရန်၏တောင်းဆိုချက်များကို အမေရိကန်ဘက်က လက်ခံပါက ဟော်မုဇ်ရေလက်ကြားကို နှစ်ရက်အတွင်း ပြန်ဖွင့်ပေးရန် အသင့်ရှိကြောင်း အီရန်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေး ဘာကာအီက သတင်းစာရှင်းလင်းပွဲတွင် အီရန်၏ တောင်းဆိုချက်များကို အမေရိကန်က လက်ခံပါက ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို ပြန်လည်တည်ဆောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြန်လည်စတင်နိုင်ကြောင်း ပြောကြားခဲ့သည်။ နှစ်ရက်အတွင်း အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခြေရှိကြောင်း ပြောဆိုခြင်းသည် အီရန်ဘက်က အမှန်တကယ် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဟုလည်း ၎င်းကဆိုသည်။

အီရန်၏ တောင်းဆိုချက်များတွင် စစ်မျက်နှာအားလုံး၌ စစ်ပွဲရပ်စဲရေး၊ ပိတ်ဆို့ထားသည့် အီရန်၏ပိုင်ဆိုင်မှုများကို ပြန်လည်ဖွင့်ပေးရေး၊ ရေနံတင်ပို့မှုအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရေးနှင့် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ပိတ်ဆို့ထားမှု အဆုံးသတ်ရေးတို့ ပါဝင်သည်။

ယင်းတောင်းဆိုချက်များကို အမေရိကန်က လက်ခံသဘောတူပါက ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးရေးအတွက် ခုနစ်ရက်ကြာ အစီအစဉ်တစ်ခုကို အီရန်ဘက်က စက်တင်ဘာ၌လည်း အဆိုပြုခဲ့ဖူးသည်။ လက်ရှိတွင် ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် အမေရိကန်နှင့်အီရန်ကြား သတင်းစကားများ အပြန်အလှန်ပေးပို့နေကြောင်း ဘာကာအီကပြောသည်။ သို့သော် ရှေ့ဆက်ရမည့်ခြေလှမ်းများက အီရန်၏တောင်းဆိုချက်များကို အမေရိကန် လက်ခံခြင်း ရှိ၊ မရှိပေါ်တွင်သာ မူတည်နေကြောင်း ၎င်းကဆိုသည်။

ဒေါ်နယ်ထရန့်က အိုင်အိုဝါပြည်နယ်တွင်ပြုလုပ်ခဲ့သည့် နောက်ဆုံးအကြိမ် ရွေးကောက်ပွဲမဲဆွယ်ပွဲတစ်ခုတွင် “အီရန်ကို အခုချိန်ထိ အပြီးသတ် မတိုက်သေးဘူးဆိုတာက ကျွန်တော် သဘောထားကြီးပေးချင်လို့ပါ။ ဖြစ်နိုင်ရင် အသက်တွေကို ကယ်တင်ဖို့ ကြိုးစားချင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ကျရင်တော့ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူရပါလိမ့်မယ်” ဟု ထပ်မံခြိမ်းခြောက်ထားသည်။

ထို့ပြင်ထရန့်က အီရန်နိုင်ငံအလယ်ပိုင်းရှိ Pickaxe တောင်အပါအဝင် ကိုင်တွယ်ရန် ပစ်မှတ် တစ်ခု သို့မဟုတ် နှစ်ခု ကျန်နေသေးကြောင်း ပြောသည်။ ထိုတောင်သည် နျူကလီးယားစခန်းတစ်ခု ဖြစ်နိုင်သည်ဟု သံသယရှိခံရသော်လည်း အီရန်က ထိုအချက်ကို ငြင်းဆိုထားသည်။

မကြာသေးမီရက်များအတွင်း ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံတို့မှ တာဝန်ရှိသူများလည်း အီရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အိုမန်ဘုရင် ဆူလ်တန် ဟိုင်သမ် ဘင်တာရစ်က လတ်တလော တရုတ်နိုင်ငံ ၊ ပေကျင်းမြို့ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် အီရန်အရေးကို ဆွေးနွေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group