
မကြာသေးမီက ပြုလုပ်ခဲ့သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့နိုင်ငံအား ပစ်မှတ်ထားသည့် နျူကလီးယား စစ်ပွဲ လေ့ကျင့်မှုတစ်ခုဖြစ်ကြောင်းနှင့် နျူကလီးယား ဟန့်တားရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရေး ကြိုးပမ်းမှုများကို ပိုမို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု မြောက်ကိုရီးယားက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ Iron Mace စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားအား နျူကလီးယား လက်နက်ဖြင့် ဖိနှိပ်ချုပ်ချယ်လိုသော အမေရိကန်၏ ရည်မှန်းချက်သည် ပြောင်းလဲခြင်း မရှိသေးသည်ကို ပြသနေပြီး အဆိုပါ ခြိမ်းခြောက်မှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမို မြင့်တက်လာကြောင်း အာဏာရ အလုပ်သမားပါတီ၏ ဒုတိယ ဌာနမှူးဖြစ်သူ ကင်ဂျောင်ဆစ် က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ Iron Mace စစ်ရေးလေ့ကျင့်မှုနှင့် အခြား ပူးတွဲ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများသည် မြောက်ကိုရီးယားအနေဖြင့် မိမိ၏ နျူကလီးယား တပ်ဖွဲ့များကို ပိုမို လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် တိုးမြှင့်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ၎င်းက ဆိုသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် အမေရိကန်၏ နျူကလီးယား စွမ်းဆောင်ရည်များကို တောင်ကိုရီးယား၏ သမားရိုးကျ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပေါင်းစပ်ရန် ရည်ရွယ်သည့် Iron Mace စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံ တည်ဆောက်ရေး၊ ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်နေသည့် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သူ ကင်ဂျောင်ဆစ်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား မူဝါဒကို ချမှတ်ဖော်ပြသည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ခြင်းမှာ ထူးဆန်းနေပြီး အဆိုပါ နျူကလီးယားမူဝါဒကို ပုံမှန်အားဖြင့် ကာကွယ်ရေး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကသာ ထုတ်ပြန်လေ့ရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ရန်းမူဂျင်က ကင်ဂျောင်ဆစ်၏ အခန်းကဏ္ဍသည် ဒုံးပျံ တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေး နယ်ပယ်ထက် ကျော်လွန်ပြီး နျူကလီးယားနှင့် ဒုံးပျံဆိုင်ရာ မူဝါဒ ပိုင်းအထိ တိုးချဲ့ ပါဝင်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။
စက်တင်ဘာလအတွင်း ကိုရီးယားနှစ်နိုင်ငံနယ်စပ်၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။