Eleven Media Group

အမေရိကန်က Patriot ဒုံးခွင်းဒုံးများပေးမည်ဆိုလျှင် ရုရှားရေနံစက်ရုံများကို တိုက်ခိုက်ခြင်းအား ရပ်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

အမေရိကန်က အားကောင်းသည့် Patriot ဒုံးခွင်းဒုံးများကို ပံ့ပိုးပေးမည်ဆိုပါက ယူကရိန်းက ရုရှားရေနံစက်ရုံများကို တိုက်ခိုက်နေခြင်းအားရပ်မည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားရေနံချက်စက်ရုံများကို ယူကရိန်းက တိုက်ခိုက်ခြင်းမပြုရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုထားသည်။ စစ်ဖြစ်နေသည့် ရုရှားနှင့် ယူကရိန်းတို့သည် တစ်နိုင်ငံ၏စွမ်းအင်စက်ရုံများကို တစ်နိုင်ငံကတိုက်ခိုက်ခြင်းကို ရပ်ရန် ထရန့်က တောင်းဆိုထားသည်။

ရုရှားနှင့်ယူကရိန်းစစ်ပွဲ၊ အီရန်ကို အမေရိကန်နှင့်အစ္စရေးပူးပေါင်းတိုက်နေသည့် စစ်ပွဲတို့ကြောင့် စွမ်းအင်ဈေးများ မြင့်တက်ကာ အမေရိကန်၌ ငွေကြေးဖောင်းပွမှုပြဿနာကို ရင်ဆိုင်နေရသည်။

အမေရိကန်ရုပ်သံလွှင့်ဌာန Fox News ကို နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ရာ၌ ဇယ်လန်းစကီးက ၎င်းသည် ယင်းကိစ္စကို ထရန့်နှင့်လည်းကောင်း၊ ထရန့်၏အဖွဲ့နှင့်လည်းကောင်း စကားပြောထားရာ အမြင်ကွဲပြားနေသည်ဟု ပြောကြားခဲ့သည်။

"ရုရှားက ကျွန်တော်တို့ရဲ့လူတွေကို သတ်နေတယ်။ လျှပ်စစ်ကဏ္ဍကို တိုက်ခိုက်နေတယ်။ ဓာတ်ငွေ့နဲ့ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေတယ်။ အရာရာကို တိုက်ခိုက်နေတာတွေကြောင့် ကျွန်တော်တို့ဘက်က မတုံ့ပြန်လို့ မရဘူးလို့ ပြောခဲ့ပါတယ် "ဟု ဇယ်လန်းစကီးက Fox News ၏သတင်း အစီအစဉ်တင်ဆက်သူ ထရေးယင့်စ်ကို ပြောကြားခဲ့သည်။

"ရုရှားရေနံစက်ရုံတွေကို ကျွန်တော်တို့ဘက်ကတိုက်ခိုက်နေတာမျိုးကို အမေရိကန်က အလိုမရှိဘူးဆိုရင် သူတို့ကလည်ကျွန်တော်တို့ရဲ့စွမ်းအင်စနစ်ကို မတိုက်ခိုက်ပါနဲ့။ နောက်တစ်နည်းကတော့ ကျွန်တော်တို့ကို Patriot ဒုံးကျည်တွေပေးပါ။ ကျွန်တော်တို့က ငွေရှာပါမယ်။ အကူအညီကို ရှာမှာမဟုတ်ပါဘူး "ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ဝါရှင်တန်က ယူကရိန်းထံ ဒုံးကျည်စနစ်ကို တစ်လပံ့ပိုးပေးထားမည်ဆိုပါက ကိယက်ဗ်က ရုရှားရေနံစက်ရုံများကို တိုက်ခိုက်ခြင်းအား တစ်လရပ်ထားမည်ဟု ဇယ်လန်းစကီးက ပြောကြားသည်။

Patriot ဒုံးကျည်များသည် ရုရှားဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် ယူကရိန်းအတွက် အရေးအပါဆုံးသော လက်နက်များထဲတွင် ပါဝင်သည်။

မူရင်းသတင်း — Eleven Media Group