



ပေါင်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွန်လုပ်ငန်းရှင်များအသင်း (MEA) ၏ စီးပွားရေးအခွင့်အလမ်း စကားဝိုင်းနှင့် မြို့နယ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အထက(ပေါင်)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ MEA နာယက ဦးအောင်သိန်းက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့ဝင် နိုင်ဗညားအောင်က မွန်လုပ်ငန်းရှင်များအသင်း (MEA) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ စတင်ဖွဲ့စည်းခဲ့သည့် နောက်ခံသမိုင်း၊ MEA ၏ ရည်ရွယ်ချက်၊ ပြည်တွင်း/ပြည်ပ ခရီးစဉ်များနှင့် ရရှိခဲ့သည့် အောင်မြင်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းဝင်သတ်မှတ်ချက်များကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးစကားဝိုင်း (Panel Discussion) အစီအစဉ်ကို ကျင်းပရာ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျော်စိန်ဝင်း၊ နိုင်သိန်းဇော်၊ မိဆွေဇာသူနှင့် ဦးမင်းအောင်မြင့်တို့က ပေါင်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ပေါင်မြို့နယ်အဆင့် မွန်လုပ်ငန်းရှင်များအသင်း (MEA) အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အသင်းဥက္ကဋ္ဌ ဦးသက်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
မွန်မလေး
#News #Myanmar