Eleven Media Group

■ Grade 12 တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို သင်ခန်းစာခေါင်းစဉ်များခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း ပညာရေးဒုဝန်ကြီး ပြောကြား

Grade 12 တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို သင်ခန်းစာခေါင်းစဉ်များခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် မြို့သစ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၏ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် သင်ကြားနိုင်ရေး မည်သည့်နှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် သင်ရိုးကို Grade 2၊ Grade 3၊ Grade 4၊ Grade 5၊ Grade 6 တွင် ပြည်သူ့နီတိဘာသာရပ်၌ ဥပဒေပညာနှင့်စပ်လျဉ်း၍ အသိပညာပေးသည့် သင်ခန်းစာများကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ သင်ရိုးဝင်အုပ်စု (ခ) ဘာသာရပ်များဖြစ်သည့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာပန်းချီ၊ ဂီတ၊ ကာယပညာ၊ ဒေသသင်ရိုးများကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် Grade 8၊ Grade 9၊ Grade 10၊ Grade 11 များတွင် ဥပဒေဆိုင်ရာ အခြေခံသဘောတရား၊ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ် အခန်း (၃) တွင် စည်းကမ်းနှင့် ဥပဒေဆိုသည့် သင်ခန်းစာခေါင်းစဉ်နှင့် ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့ပြင် Grade 11 နှင့် Grade 12 အတန်းများတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်များဖြစ်ပြီး Grade 12 ပြီးသွားလျှင် အသက်အရွယ်အရ မဲပေးရန် အကျုံးဝင်သူများ ဖြစ်လာနိုင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာပေးစာအုပ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ဆရာ ဆရာမများကို ဥပဒေဆိုင်ရာသင်တန်းများ ပေးခဲ့ပြီး Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများကို တစ်နှစ်လျှင် ၂၄ ချိန် သင်ကြားပေးနိုင်ရေးအတွက် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများထဲမှ အခန်း (၁) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၂) မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို Grade 10၊ အခန်း (၃) ရာဇသတ်ကြီး၊ အခန်း (၄) လောင်းကစားဥပဒေနှင့် အခန်း (၅) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ Grade 11၊ အခန်း (၆) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း (၇) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် အခန်း (၈) ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို Grade 120 တွင် အတန်းအလိုက် သင်ခန်းစာခေါင်းစဉ်များခွဲပြီး သင်ကြားပို့ချပေးလျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။

ထိုသို့ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိသည့်အတွက် ဆရာ ဆရာမများကိုလည်း ဥပဒေအသိပညာစာအုပ်ကို ကိုးကားပြီး TOT သင်တန်းများ ကျင်းပ၍ တစ်နှစ်တွင် စာသင်ချိန် ၂၄ ချိန်ဖြင့် ကျွမ်းကျင်စွာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင်ပါဝင်သည့် ဥပဒေဆိုင်ရာသင်ခန်းစာများဆွေးနွေးပွဲ ဗဟိုအဆင့်ကိုလည်း နေပြည်တော်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ပြီး ဆင့်ပွားသင်တန်းများဖြင့်လည်း တက်ရောက်စေလျက်ရှိကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနဖြင့်လည်း တက္ကသိုလ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်းသည့် ဥပဒေပညာအသိပညာပေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group