
ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပလပ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက် လျော့ချကန့်သတ်နိုင်ရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ယင်းအဆိုအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေက တင်သွင်းခဲ့ခြင်းဖြစ်သ
ပလပ်စတစ်ပစ္စည်းများသည် ပေါ့ပါးပြီး အသုံးပြုရလွယ်ကူခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းတိုကြောင့် ယနေ့ခေတ်ကမ္ဘာပေါ်တွင် နှစ်စဉ် ပလပ်စတစ်အိတ်ပေါင်း ၅၀၀ ဘီလျံနှင့် ၁၀၀၀ ဘီလျံကြား သုံးစွဲလျက်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေက ပြောကြားသည်။
"အဲ့ဒီလိုသုံးစွဲကြတဲ့အတွက် ရေရှည်အကျိုးဆက်များမှာ အလွန်စိုးရိမ်စရာကောင်းလှပါတယ်။ ပလပ်စတစ်အမျိုးအစားအချို့မှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ အစားအစာ၊ ရေ၊ လေနှင့် ထိတွေ့ရာမှ လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်ရှင်။ ပလပ်စတစ်အမှိုက်များမှ ဖြစ်ပေါ်လာတဲ့ ဓာတုပစ္စည်းများနှင့် မိုက်ခရိုပလပ်စတစ်များသည် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပါက ကိုယ်ခံအားစနစ်ကို ထိခိုက်စေခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း နိုင်ငံတကာသုတေသနများက ဖော်ပြထားပါတယ်"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေက ပြောကြားသည်။
ပလပ်စတစ်ပစ္စည်းများ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များသည် တစ်ခါသုံးစနစ် အများသုံးပစ္စည်းများဖြစ်ပြီး စွန့်ပစ်ပြီးသည့်နောက် နှစ်ပေါင်းများစွာ မပျက်စီးဘဲ သဘာဝပတ်ဝန်းကျင်တွင် ကျန်ရှိနေကြောင်း၊ ပလပ်စတစ်အမှိုက်များကြောင့် မြေဆီလွှာများ ပျက်စီးခြင်း၊ ရေမြောင်းများ ပိတ်ဆို့ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်စေခြင်း၊ ရောဂါပိုးမွှားများ အလွယ်တကူပေါက်ဖွားနိုင်ခြင်းတို့ကြောင့် မြေဆီလွှာနှင့် ရေထု၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်းအပြင် တိရစ္ဆာန်များ၏ အသက်အန္တရာယ်များကို ခြိမ်းခြောက်လျှက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။
ပင်လယ်သမုဒ္ဒရာထဲရှိ အမှိုက်များ၏ ၈ဝရာခိုင်နှုန်းကျော်သည် ပလပ်စတစ်အမှိုက်များဖြစ်ကြောင်း၊ ရေနေသတ္တဝါများသည် ပလပ်စတစ်ပစ္စည်းများကို အစာအမှတ်ဖြင့် စားသုံးမိသည့်အတွက် သေကြေကြသကဲ့သို့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အစရှိသော ကုန်းသတ္တဝါများသည်လည်း ကြွပ်ကြွပ်အိတ်များကို ၀ါးစားမိပြီး သေကြေကြသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ပလပ်စတစ်အသုံးပြုမှု များပြားလာသည်နှင့်အမျှ မြေထု၊ လေထု၊ ရေထုကို ညစ်ညမ်းစေပြီး ကမ္ဘာမြေ၏ဂေဟစနစ်ကိုလည်း မတည်မငြိမ်ဖြစ်စေကြောင်း၊ ထို့ကြောင့် မြို့ရွာများ သန့်ရှင်းလှပရေး၊ ပြည်သူများ၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အရေးယူဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံအများအပြားတွင်လည်း ကြွပ်ကြွပ်အိတ် အသုံးပြုမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်လျော့ချရေးတို့တွင် အောင်မြင်မှုများရရှိခဲ့ကြကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း ပလပ်စတစ်ပစ္စည်းနှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုများကို လျှော့ချရန် အစားထိုးနည်းလမ်းများအဖြစ် အဝတ်အိတ်၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ ပေါက်ဖက်၊ အင်ဖက် စသည့် သဘာဝပစ္စည်းများ အစားထိုးအသုံးပြုနိုင်ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး၊ ရောဂါ ကာကွယ်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေက အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် အဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ သဘောတူသဖြင့် ယင်းအဆိုအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။