Eleven Media Group

■ အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နှင့် မြန်မာကြား ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောက အောက်တိုဘာ ၂၃ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံထိပ်သီးအစည်းအ‌ဝေးများမှ တားမြစ်ခံခဲ့ရသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံအစည်းအ‌ဝေးတွင် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အမေရိကန်နှင့် မြန်မာအစိုးရတို့ကြား ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့သည်။

"မြန်မာနိုင်ငံ ဖယ်ကြဉ်ခံထားရတာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးအားပြိုင်မှုရဲ့ ကြိုးဝိုင်းတစ်ခု မဖြစ်စေချင်ပါဘူး။ အဲဒါကြောင့် အမေရိကန်က ထိတွေ့ဆက်ဆံလာတာကို ကျွန်တော်တို့ ကြိုဆိုရတာပါ" ဟု သီဟဆက်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ထိတွေ့ဆက်ဆံမှုသည် မြန်မာ့အရေးကို ငြိမ်းချမ်းစွာ အဖြေရှာရန်နှင့် အတိုက်အခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် အားပေးလှုံ့ဆော်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အာဆီယံ၏ ရည်တည်ချက်သည်လည်း အပြောင်းအလဲအချို့ရှိလာခဲ့ကြောင်း သီဟဆက်က မြန်မာသမ္မတဦးမင်းအောင်လှိုင်၏ မကြာသေးမီက သွားရောက်ခဲ့သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှားခရီးစဉ်တို့ကို ရည်ညွှန်းပြောဆိုခဲ့သည်။

သို့သော် မနီလာတွင် ပြုလုပ်မည့် အာဆီယံအစည်းအ‌ဝေးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့် အပြည့်အဝပြန်လည်ရရှိရေးကိစ္စကို ဆွေးနွေးမည်ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးပေ။

"မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်ရမယ့် နည်းလမ်းတွေအပေါ် အလွန်အနှစ်သာရရှိတဲ့၊ ကျယ်ပြန့်တဲ့၊ ထိရောက်နက်ရှိုင်းတဲ့ ဆွေးနွေးမှုမျိုး ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် ကောင်းမွန်ပါတယ်" ဟု သီဟဆက်က ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group