Eleven Media Group

■ KNLA နှင့် PDF အဖွဲ့ဝင် ၅၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) နှင့် PDF အဖွဲ့ဝင် ၅၂ ဦး အောက်တိုဘာ ၂၃ ရက်တွင် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မှ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး၊ လိပ်သိုမြို့မှ အမျိုးသမီး တစ်ဦး၊ ဆင်လန်မြို့မှ အမျိုးသား နှစ်ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ ကညွတ်ကွင်းမြို့မှ အမျိုးသား နှစ်ဦး၊ နတ္တလင်းမြို့မှ အမျိုးသား လေးဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား လေးဦး၊ ပြည်မြို့မှ အမျိုးသား တစ်ဦး၊ မင်းလှမြို့မှ အမျိုးသား တစ်ဦး၊ တောင်ငူမြို့မှ အမျိုးသား လေးဦးနှင့် KNLA အဖွဲ့မှ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၅၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းမှူးက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေးစကား ပြောကြားပြီးနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 သေနတ် ၁ လက်၊ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ လက်ပစ္စတိုသေနတ် ၁ လက်၊ လက်လုပ်ပြောင်းချောသေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ AR-9 သေနတ် ၁ လက်၊ AK-9 သေနတ် ၁ လက်၊ M4 ကာဘိုင်သေနတ် ၁ လက်၊ လက်လုပ် သေနတ် ၃ လက်၊ ရိုင်ဖယ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ပစ္စတိုသေနတ် ၄ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ M 79 ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ စုစုပေါင်း ၂၃ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ ကျည်မျိုးစုံ ၂၀၇ တောင့်၊ ပလပ်စတစ်နင်းမိုင်း ၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ကျည်ကာဦးထုပ် ၁ လုံးနှင့် စကားပြောစက် ၈ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁၀ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၅၀၀၊ လောင်ချာ ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀၊ ပစ္စတို ၄ လက်နှင့် ခြောက်လုံးပြူး ၁ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀၊ လက်လုပ်သေနတ် ၆ လက်အတွက်ဆုကြေးငွေကျပ် သိန်း ၃၀၊ လက်ပစ်ဗုံး ၈ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံးနှင့် နင်းမိုင်း ၁ လုံးအတွက်ဆုကြေးငွေကျပ် ၃၃ သိန်း၊ စကားပြောစက် ၈ လုံးနှင့် ကျည်ကာဦးထုပ် ၁ လုံးတို့အတွက် ဆုကြေးငွေကျပ် ၁၈ သိန်း၊ စုစုပေါင်း ဆုကြေးငွေကျပ် ၈၃၁ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူ ၅၂ ဦးအတွက် ဆုကြေးငွေ ၅၂ သိန်းကျပ်၊ စုစုပေါင်းဆုကြေးငွေကျပ် ၈၈၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group