Myanmar Digital News

တိုင်းပြည်စားရေရိက္ခာဖူလုံပိုလျှံရေး စိုက်ပျိုးရေကို စနစ်တကျထိန်းသိမ်း

မြန်မာနိုင်ငံတွင် လူဦးရေ သန်းပေါင်း ၅၀ ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသ များတွင် နေထိုင်ကြသည်။ အဆိုပါပြည်သူများသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင် လျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် လယ်၊ တောင်ယာ၊ ယာစသည့် စုစုပေါင်း စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိသည်။ စပါးစိုက်ဧက ၁၅ သန်း၊ ပြောင်းစိုက်ဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ဧက လေးသန်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြော ရေးဟူသည့်အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင်တစ်ဧကပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး သုတေသနပြုထား သည့်အချက်အလက်များနှင့် နိုင်ငံတကာမှသုတေသနပြုထားသည့် အချက်အလက်များကိုနှိုင်းယှဉ်သုံးသပ်၍ စနစ်တကျတွက်ချက်ပြီး ပန်းတိုင်ရည်မှန်းချက်ကို ချမှတ်ထားခြင်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် ထိထိရောက်ရောက် ဟန်ချက်ညီညီ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်သူများ လူမှုစီးပွားမြင့်မားတိုးတက်လာပြီး စားရေရိက္ခာဖူလုံရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။

 

လက်ရှိအခြေအနေတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်မှုများရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အပူရှိန်ပြင်းထန်မှုကြောင့် မြေပေါ်ရေ၊ မြေအောက်ရေများ ခန်းခြောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ရေလုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိသလို ပြည်သူများကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိုးရွာသွန်းမှုမှ ရရှိသည့်ရေ၊ ချောင်းရေ၊ မြောင်းရေနှင့် မြစ်ရေ၊ ဆည်မြောင်းတာတမံများမှ ရရှိသည့်ရေနှင့်မြေအောက်ရေများကို နိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချနိုင်ရေး မည်သို့ဆောင်ရွက်သွားရမည်ကို မူဝါဒများချမှတ်၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုသည်။

 

ရေအသုံးချမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အကျိုးရှိရှိ သုံးစွဲနိုင်သည်ကို တွေ့ရသည်။ ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းမှာ ပင်လယ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်သည်။ အပင်များရှင်သန် ကြီးထွားရန်အတွက်ရေကိုမဖြစ်မနေလိုအပ်လျက်ရှိသည်။ ထို့ကြောင့် မြစ်ချောင်း များမှ စိုက်ပျိုးရေများရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးရေလုံလောက်စွာ ရရှိမည်ဆိုပါက သီးနှံများကို ရာသီမရွေး၊ အခြေအနေမရွေး အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်ပြီး သီးထပ်စွမ်းအားများလည်း တိုးတက်လာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပုံမှန်အတိုင်းသာဆောင်ရွက် လျက်ရှိပြီး စိုက်ပျိုးရေး အတွက် ရေအခက်အခဲရှိလာနိုင်သဖြင့် သဘာဝအတိုင်း ရှိထားပြီးရေများကို စနစ်တကျအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။

 

မြစ်ချောင်းများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများနှင့် ရေစီးကြောင်းပြောင်းလဲမှု များကြောင့် နုန်းအနယ်ပို့ချမှု များဖြစ်ပေါ်ကာ မြစ်ချောင်းကြမ်းပြင်များ မြင့်တက်လာခြင်းနှင့် အချို့နေရာများတွင် တရားမဝင်ရွှေတူး ဖော်ခြင်းများ ဆောင်ရွက်ခြင်းကြောင့် နုန်းတင်ခြင်းများဖြစ်ပေါ်ပြီး မြစ်ချောင်းများ တိမ်ကောခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြစ်ချောင်းများ ပြန်လည်ဆယ်တင်ခြင်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို မပြတ်ဆောင်ရွက်ရမည်ဖြစ်သည်။ ပူပြင်းသောနွေရာသီ ကာလတွင် စိုက်ပျိုးရေရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်၊ ရေလှောင်ကန်များတည်ဆောက်ခြင်း၊ သဲချောင်းများတွင် မြေအောက်တမံများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်သကဲ့သို့ ထိုသို့ဆောင်ရွက် ခြင်းဖြင့် ချောင်းမြောင်းများ ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်လာပြီး မြေအောက်ရေကို ထိုက်သင့်သလောက် အသုံးပြုနိုင်မည်ဖြစ်သည်။

 

ယခုအခါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခုကာလများတွင် အပူရှိန်ပြင်းထန်မှုများ မြင့်တက်လာမည်ဖြစ်ရာ အဓိကအားဖြင့် ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန် လိုအပ်သည်။ သစ်ပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝအတိုင်း ရေကို စုဆောင်းသိုလှောင်ပြီး ချွေတာရာရောက်သည့်အတွက် သစ်ပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန်လိုသည်။ ခြောက်သွေ့မှုဒဏ်ခံ နိုင်သောအပင်များ ရွေးချယ်စိုက်ပျိုးပြီး ရေနည်းနည်းဖြင့် ရှင်သန်သည့်စိုက်ပျိုးနည်းစနစ်ကို ရွေးချယ်ရမည် ဖြစ်သည်။ မလွန်ဆန် နိုင်သည့်သဘာဝတရားကို ကျော်ဖြတ်ရန်အတွက် ရေကို စနစ်တကျသိုလှောင်ခြင်း၊ စနစ်တကျသုံးစွဲခြင်းတို့ကို ဖန်တီးကြရမည်ဖြစ်သည်။ ရေကို အဟောသိကံသုံးစွဲမှု မရှိစေရေး ရေသုံးစွဲမှု၊ ထိန်းသိမ်းမှုကောင်းမွန်စေရန် ဟန်ချက်ညီညီ နည်းစနစ်တကျ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News