Myanmar Digital News

မြန်မာ-ထိုင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဓွန့်ရှည်ကြာတည်တံ့မည်

KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ- ထိုင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုအပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြားတွင် ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ပြုလုပ်နေကြသည်။

 

မြန်မာ- ထိုင်းနှစ်နိုင်ငံတို့သည် နိုင်ငံတော်အစိုးရ အချင်းချင်းဆက်ဆံရေး၊ တပ်မတော်အချင်းချင်း ဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများအကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဆင့်ရှိသည့် နိုင်ငံများဖြစ်ကြသည်။ နိုင်ငံနှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံကြရာတွင် လတ်တလောအကျိုးအမြတ်တစ်ခုတည်းအပေါ်တွင်မဟုတ်ဘဲ အနာဂတ်နှစ်ပေါင်းများစွာ နှစ်ဦးနှစ်ဖက် ဘုံရည်မှန်းချက်များအတူ ချမှတ်လုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဝန်ကြီးများ၊ အရာရှိကြီးများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးပြီး အရေးကြီးသောမူဝါဒများကို ညှိနှိုင်းခြင်း၊ ယုံကြည်မှုနှင့် တန်ဖိုးထားမှုတို့တူညီပြီး ခက်ခဲသည့်အခြေအနေများ ဖြစ်ပေါ်ချိန်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ကူညီဖေးမခြင်း စသည့် ဝိသေသလက္ခဏာများ ပါဝင်သည်။ သို့ဖြစ်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုသည်မှာ ရေရှည်အကျိုးစီးပွားချင်း တူညီမှုအပေါ်အခြေခံ၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် အဆင့်အမြင့်ဆုံး ဆက်ဆံရေးဖြစ်သည်။

 

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံတို့သည် ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက် နှစ်နိုင်ငံထိစပ်နေသည့်အားလျော်စွာ တရားမဝင်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှစ်နိုင်ငံ အတူတကွနှိမ်နင်းရန်လိုသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်စပ်မှီခိုနေကြပြီး ဆက်လက်၍လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရမည့် ကဏ္ဍများစွာရှိနေရာ မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးတို့သည် နှစ်ဖက်အကျိုးစီးပွားအတွက် မဖြစ်မနေလိုအပ်သည်။ KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအဖို့မူ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုက ၎င်းတို့ ဆက်လက်ရပ်တည်ရန် အခက်အခဲကိုဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုပျက်ပြားစေရန်ရည်ရွယ်၍ အဖျက်အမှောင့်နည်းလမ်း၊ မီဒီယာ နည်းလမ်းများဖြင့် ဖျက်လိုဖျက်ဆီးလုပ်ကြသည်။

 

၎င်းတို့၏ ကောက်ကျစ်စဉ်းလဲသည့် အဖျက်အမှောင့်လုပ်ရပ်များတွင် ထိုင်းနိုင်ငံဘက်ရှိ ကုန်လှောင်ရုံများကို ဖျက်ဆီးမည်ဆိုသည့် သတင်းအပါအဝင် အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများကို အွန်လိုင်းမှဖြန့်ဝေမှုနှင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံဘက်သို့ ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့မှုလည်း ပါသည်။ အဆိုပါ စက်သေနတ်ကြီးသည် မြန်မာ့တပ်မတော်တွင် အသုံးပြုခြင်းမရှိသော လက်နက်အမျိုးအစားဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူတို့က ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ရပ်များက မြန်မာနှင့်ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ အရှိန်အဟုန်လျော့ကျသွားစေရန် ဉာဏ်နီဉာဏ်နက်ကျင့်သုံးလိုက်ခြင်းလည်း ဖြစ်သည်။

 

မြန်မာ့တပ်မတော်သည် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအား အလေးထားသည်နှင့်အညီ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် အပြုအမူများကို မည်သည့်အချိန်တွင်မှ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ လုံခြုံအေးချမ်း၍ ဒေသတည်ငြိမ်ရေးကိုသာ အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းစွာဖော်ပြထားရာ နှစ်နိုင်ငံပြည်သူများအတွင်း အထင်အမြင်လွဲမှားမှုများ၊ စိုးရိမ်ကြောက်ရွံ့မှုများနှင့် အခြေအမြစ်ကင်းမဲ့သည့် ကောလာဟလများ နေလာနှင်းပျောက် ပျောက်ကွယ်သွားမည်သာ ဖြစ်ကြောင်းနှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မြဲ အဓွန့်ရှည်ကြာစေမည်ဖြစ်သည့်အကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News