Myanmar Digital News

ကမ္ဘာ့သစ်တောများနှင့် မြန်မာ့သစ်တောများအကြောင်း တစေ့တစောင်း

ဒေါက်တာ သောင်းနိုင်ဦး

ကမ္ဘာ့သစ်တောသယံဇာတများ

သစ်တောများသည် ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (2030 Agenda for Sustainable Development) ၏ အဓိက အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့သစ်တောများ၏ လက်ရှိအခြေအနေ၊ အချိန်နှင့်အမျှ ပြောင်းလဲလာမှုများနှင့် ယင်းပြောင်းလဲမှု၏ လမ်းကြောင်းများကို နားလည်သိရှိခြင်းသည် ရေရှည်တည်တံ့သော မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ မူဝါဒနှင့် ဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ သစ်တောမှ ပံ့ပိုးပေးလျက်ရှိသော သစ်တောထွက်ပစ္စည်းများနှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်ထိန်းသိမ်းပေးနိုင်ခြင်းတို့အတွက် အလွန်အရေးကြီးပါသည်။

ကမ္ဘာ့သစ်တောများ၏အခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ် လေ့လာခြင်း (Global Forest Resources Assess-ment 2025 – GFRA 2025) အစီရင်ခံစာကို လည်း ကောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် “ကမ္ဘာ့သစ်တောများ၏အခြေအနေ ၂၀၂၆” (State of the World's Forests 2026 – SOFO 2026) အစီရင်ခံစာကို လည်းကောင်း ထုတ်ဝေခဲ့ပါသည်။

GFRA 2025 အစီရင်ခံစာတွင် အဓိကအားဖြင့် သစ်တောဧရိယာနှင့် သစ်တောဧရိယာ ပြောင်းလဲမှု များ၊ သစ်တော၏ဖွဲ့စည်းပုံနှင့် အခြေအနေဆိုင်ရာ လက္ခဏာများ၊ ဇီဝဒြပ်ထု (Biomass) နှင့် ကာဗွန် အရင်းအမြစ်များ၊ သစ်တောဆိုင်ရာ မူဝါဒများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ သစ်တောဧရိယာသတ်မှတ် အသုံးပြုမှုနှင့် သစ်တောစီမံခန့်ခွဲမှု၊ သစ်တောပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲပိုင်ခွင့်များ၊ သစ်တောများ အပေါ် သက်ရောက်သည့် အနှောင့်အယှက်များနှင့် ပျက်စီးဆုံးရှုံးမှုများ၊ သစ်မဟုတ်သော သစ်တော ထွက်ပစ္စည်းများနှင့် အခြားဆက်စပ်အကြောင်းအရာများ ပါဝင်ပါသည်။

SOFO 2026 အစီရင်ခံစာတွင် ကမ္ဘာ့သစ်တောများနှင့်ပတ်သက်ပြီး နောက်ဆုံးရ သတင်းအချက် အလက်များ၊ မူဝါဒအပြောင်းအလဲများနှင့် လူသားများနှင့် သစ်တောဂေဟစနစ်များအကြားရှိ လူမှု စီးပွားရေးဆိုင်ရာ ဆက်စပ်မှုများကို လေ့လာတင်ပြပြီး သစ်တောကဏ္ဍနှင့် အခြားကဏ္ဍများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြုစုထားသည့် အစီရင်ခံစာလည်းဖြစ် သည်။

ကမ္ဘာ့သစ်တောအခြေအနေကို ဖော်ညွှန်းနေသော အဓိကကိန်းဂဏန်းများ

အစီရင်ခံစာများအရ ကမ္ဘာ့သစ်တောအခြေအနေကို ဖော်ပြနေသော အဓိက အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါသည် -

 v ကမ္ဘာ့သစ်တောဧရိယာမှာ ဟက်တာ ၄ ဒသမ ၁၄ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့မြေမျက်နှာပြင်၏ ၃၂ ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားသည်။ အပူပိုင်း သစ်တောများသည် ကမ္ဘာ့သစ်တောဧရိယာ၏ ၄၅ ရာခိုင်နှုန်းခန့် ရှိပါသည်။

 v ကာကွယ်ထားသော သစ်တောဧရိယာသည် ဟက်တာ ၈၁၃ သန်းခန့်ရှိပြီး စနစ်တကျစီမံ ခန့်ခွဲအုပ်ချုပ်လုပ်ကိုင်သော သစ်တောဧရိယာသည် ဟက်တာ ၂ ဒသမ ၁၃ ဘီလီယံခန့် ရှိပါသည်။

 v ကမ္ဘာတစ်ဝန်း သစ်တောပြုန်းတီးမှုအား ကာလအလိုက် လေ့လာပါက ၁၉၉၀–၂၀၀၀ ပြည့်နှစ် အတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုပမာဏမှာ ဟက်တာ ၁၇ ဒသမ ၆ သန်း၊ ၂၀၀၀–၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ဟက်တာ ၁၃ ဒသမ ၆ သန်းနှင့် ၂၀၁၅–၂၀၂၅ ခုနှစ်အတွင်း နှစ်စဉ် ဟက်တာ ၁၀ ဒသမ ၉ သန်း ပြုန်းတီးခဲ့ပါ သည်။

 v သဘာဝအလျောက် ပြန်လည်ဖြစ်ထွန်းသော သစ်တောဧရိယာသည် ဟက်တာ ၃ ဒသမ ၈၃ ဘီလီယံရှိပြီး မူလသစ်တောများ ဧရိယာသည် ဟက်တာ ၁ ဒသမ ၁၈ ဘီလီယံရှိပါသည်။ သစ်တောစိုက်ခင်းများဧရိယာသည် ဟက်တာ ၃၁၂ သန်းခန့်ရှိပါသည်။

 v ကမ္ဘာ့သစ်တောများ၏ သစ်သားပမာဏမှာ စုစုပေါင်း ၆၃၀ ဘီလီယံကုဗမီတာရှိပြီး သစ်တော ဇီဝဒြပ်ထုပမာဏ ၇၀၉ ဂစ်ဂါတန် (Gt) ရှိပြီး သစ်တောကာဗွန် သိုလှောင်မှုပမာဏ ၇၁၄ ဂစ်ဂါတန် (Gt) ရှိပါသည်။

အစီရင်ခံစာပါအချက်အလက်များအရ ကမ္ဘာ့သစ်တောပြုန်းတီးမှုနှုန်းသည် ကျဆင်းလာနေ သော်လည်း သစ်တောဆုံးရှုံးမှုသည် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သောကြောင့် သဘာဝ သစ်တော များ ဆက်လက်ပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းရန်သာမက အရည်အသွေးနှင့် ဂေဟစနစ်ဝန်ဆောင်မှု များကို ထိန်းသိမ်းရန် ပိုမိုအရေးကြီးလာပါသည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးသည် စားရေရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက် သစ်တောနှင့် သစ်ပင်များအပေါ် တစ်စိတ် တစ်ပိုင်း သို့မဟုတ် တိုက်ရိုက်မှီခိုနေကြပါသည်။ ထို့ကြောင့် “သစ်ပင်အရေအတွက်များများ စိုက်ပျိုး ခြင်း” သာမက “သစ်တောများနှင့် မြေယာရှုခင်း တစ်ခုလုံး၏ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုတိုးပွား လာစေရေး၊ လူမှုစီးပွားဘဝ ပြန်လည်တိုးတက် ကောင်းမွန်စေရေး”ကိုလည်း အထူးအလေးပေး ဆောင်ရွက်ကြရန် မီးမောင်းထိုးပြထားပါသည်။

သစ်တောနှင့် မြေယာရှုခင်း ပြန်လည်ထူထောင်ခြင်း

ယခုအခါ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲသဘာဝ ဘေးအန္တရာယ်ဆိုင်ရာပြဿနာများကို လျော့ပါးသက်သာစေရန်အတွက် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းသက်သက်ထက် သစ်တောမြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်း (Forest Land-scape Restoration-FLR) နည်းလမ်းဖြင့် ဆောင်ရွက်လာကြသည်။

သစ်တောမြေယာရှုခင်း ပြန်လည်ထူထောင်ခြင်း (FLR) ဆိုသည်မှာ သစ်တောများ ပြုန်းတီးသွားသော နေရာကွက်လပ်များ၌သာ မဟုတ်ဘဲ ကျယ်ပြန့်သည့် နေရာဒေသတစ်ခုလုံးတွင် ဂေဟစနစ်ဆိုင်ရာ ပြည့်စုံ ကောင်းမွန်မှုကို ပြန်လည်ရရှိစေရန်နှင့် လူသားတို့၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်အတွက် စနစ်တကျစီစဉ်ထားသော သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကို တစ်ပြိုင်နက်တည်း မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သစ်တောများနှင့် မြေယာရှုခင်း ပြန်လည် တည်ထောင်ခြင်းကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည် ထူထောင်ရေးဆယ်စုနှစ် (၂၀၂၁-၂၀၃၀)၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၁၅ (SDG 15) စဉ်ဆက်မပြတ်သစ်တောစီမံခန့်ခွဲမှုများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များနှင့် ချိတ်ဆက် ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ကတိကဝတ်များမှသည် လက်တွေ့ အကောင်အထည်ဖော်မှုဆီသို့

ကမ္ဘာ့နိုင်ငံများသည် သစ်တောနှင့် မြေယာ ပြန်လည်ထူထောင်ရေးအတွက် ရည်မှန်းချက်များနှင့် ကတိကဝတ်များစွာ ချမှတ်ထားကြသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်မှု အစီရင်ခံစာ (FRA 2025) အချက်အလက်များအရ ကမ္ဘာ့သစ်တောဧရိယာ၏ ၆၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့်နိုင်ငံနှင့် ဒေသ ၉၁ ခုသည် သစ်တော ပြန်လည်ထူထောင်ရေးအတွက် ဧရိယာဟက်တာ သန်း ၁၉၀ ကျော် ကတိပြုထားသည်။ သို့သော် အဆိုပါပမာဏအနက် ၅၅ နိုင်ငံနှင့် ဒေသများကသာ ၎င်းတို့၏ ကတိကဝတ်နှင့် ဆက်စပ်သည့် တိုင်းတာနိုင်သော တိုးတက်မှုများကို အစီရင်ခံနိုင်ခဲ့သည်။

အခြား ၃၆ နိုင်ငံနှင့် ဒေသများသည် စုစုပေါင်း ဟက်တာ ၆၉ သန်းကျော် ကတိပြုထားသော်လည်း တိုင်းတာနိုင်သည့်တိုးတက်မှုကို တင်ပြနိုင်ခြင်းမရှိသည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများအနေဖြင့် မြေဧရိယာ ဟက်တာ ၁ ဘီလီယံ ကျော်ကို ပြန်လည်ထူထောင်ရန် ကတိပြုထားကြ သည်။ သို့သော် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေးရည်မှန်းချက်များ ပြည့်မီရန်အတွက် အနည်းဆုံးဧရိယာဟက်တာ သန်း ၄၇၀ ကို လက်တွေ့ကျကျ ပြန်လည်ထူထောင်ရန် လိုအပ်လျက်ရှိပါသည်။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းသတင်း — Myanmar Digital News