Myanmar Digital News

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲစတင် လွှတ်တော်ထိန်းချုပ်ခွင့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်

ဝါရှင်တန်  နိုဝင်ဘာ  ၃

အမေရိကန်နိုင်ငံ၌  ကြားဖြတ်ရွေးကောက်ပွဲကို  နိုဝင်ဘာ  ၃ ရက်က စတင်ကျင်းပလျက်ရှိပြီး  နံနက်  ၆ နာရီတွင် မိန်း၊ နယူးယောက်နှင့် ဗာဂျီးနီးယားပြည်နယ်တို့အပါအဝင် အခြားပြည်နယ်များ၌ မဲရုံများ ဖွင့်လှစ်ခဲ့သည်။ ယခုရွေးကောက်ပွဲသည် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်မြင့်တက်နေချိန်တွင် သမ္မတဒေါ်နယ်ထရမ့်အစိုးရ ဒုတိယသက်တမ်းအတွက် အရေးပါသော နိုင်ငံရေးစမ်းသပ်မှုတစ်ရပ် ဖြစ်လာသည်။

ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၄၃၅ နေရာ၊ အထက်လွှတ်တော်အမတ်  ၃၅ နေရာနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာ အပါအဝင်  ဒေသဆိုင်ရာ ရာထူးနေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဒီမိုကရက်ပါတီသည် အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရေး သုံးနေရာအသာရရှိရန်လိုအပ်ပြီး  အထက်လွှတ်တော်အတွက် လေးနေရာ  အသာရရန် လိုအပ်သည်။  မိန်း၊  တက္ကဆက်၊  မစ်ရှီဂန်၊ အိုင်အိုဝါ၊   အိုဟိုင်းယိုး၊ ကန်ဆက်နှင့်   အလာစကာ ပြည်နယ်တို့သည် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနေရာများဖြစ်သည်။

ယခုအချိန်အထိ အမေရိကန်မဲဆန္ဒရှင် ၅၇ သန်းကျော်မှာ ကြိုတင်မဲပေးထားပြီး မဲရုံများပိတ်သိမ်းပြီးနောက်  နိုဝင်ဘာ ၃ ရက် ညပိုင်းမှစ၍ မဲရေတွက်မှုများ စတင်မည်ဖြစ်သည်။ အောက်လွှတ်တော်ရွေးကောက်ပွဲရလဒ်ကို ဆောလျင်စွာ သိရှိနိုင်ဖွယ်ရှိသော်လည်း အထက်လွှတ်တော်အတွက်   အပြိုင်အဆိုင်ပြင်းထန်နေသည့် ပြည်နယ်များဖြစ်သဖြင့် ရလဒ်အပြည့်အစုံထွက်ပေါ်ရန် ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ   ကြာမြင့်နိုင်ကြောင်း  အမေရိကန်မီဒီယာများက ခန့်မှန်းထားသည်။                               

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News