Myanmar Transparency News

အမေရိကန်ပြည်ထောင်စု၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တို့က လွှတ်တော်နှစ်ရပ်လုံး၌ အနိုင်ရရှိ

၄.၁၁.၂၀၂၆
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုတွင် ဒေသစံတော်ချိန် နိုဝင်ဘာလ ၃ ရက်၊ နံနက် ၆ နာရီ၌ စတင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲခေါ် ကွန်ဂရက်အမတ်များ၏မဲဆန္ဒနယ်များအလိုက် မဲပေးရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရေတွက်မှု ရှေးဦးခန့်မှန်းရလဒ်များအရ ဒီမိုကရက်ပါတီက အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ခုစလုံးတွင် အနိုင်ရနေကြောင်း သိရသည်။

တရားဝင်ရလဒ်များ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ရွေးကောက်ပွဲအပြီးတွင် အောက်လွှတ်တော်၌ အမတ်နေရာ ၄၃၅ နေရာအနက် ဒီမိုကရက်ပါတီက အမတ်နေရာ ၂၅၅ နေရာနှင့် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ရီပတ်ဘလစ်ကန်ပါတီက ၁၈၀ နေရာရခဲ့ကြောင်း ရှေးဦးခန့်မှန်းချက်များက ဖော်ပြခဲ့သည်။

အောက်လွှတ်တော်တွင် အမတ်နေရာ ၄၃၅ နေရာအနက် ၎င်းကို ထိန်းချုပ်နိုင်ရန်မှာ အမတ်နေရာ ၂၁၈ နေရာသာလို၍ ဒီမိုကရက်ပါတီက အောက်လွှတ်တော်ကိုထိန်းချုပ်နိုင်ခဲ့ပြီဟု NBC သတင်းဌာနက အမေရိကန်စံတော်ချိန် နိုဝင်ဘာလ ၃ ရက် ညနှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

အထက်လွှတ်တော်တွင် ပြည်နယ်တစ်ခုမှ အမတ်နှစ်နေရာစီဖြင့် ပြည်နယ် ၅၀ အတွက် အမတ်နေရာ ၁၀၀ ရှိသည့်အနက် နိုဝင်ဘာလ ၃ ရက် ညနှောင်းပိုင်းအထိ ဒီမိုကရက်ပါတီက အမတ်နေရာ ၅၁ နေရာနှင့် ရီပတ်ဘလစ်ကန်ပါတီက ၄၀ နေရာရထားကြောင်း ရှေးဦးခန့်မှန်းချက်များက ဖေါ်ပြခဲ့သည်။

ဆက်လက်မဲရေတွက်ဆဲဖြစ်သော ပြည်နယ်ကိုးခု၌လည်း ဒီမိုကရက်တို့က အများစုတွင် အသာစီးရထားကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တို့က လွှတ်တော်နှစ်ရပ်လုံး၌ အနိုင်ရရှိသည်ဟု ဆိုရမည်ဖြစ်သည်။

Ref: NBC

မူရင်းသတင်း — Myanmar Transparency News