Myanmar Digital News

အဲဗာတန်အသင်းက နယူးကာဆယ်အသင်းကို ငါးရက်အတွင်း နှစ်ကြိမ်မြောက်နိုင်ပွဲရရှိ

အဲဗာတန်အသင်းဟာ  ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် နိုဝင်ဘာ ၂ ရက် ညပိုင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အဲဗာတန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်းပွဲကစားချိန် ၄၉ မိနစ်မှာ သီယာနိုဘာရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သီယာနိုဘာရီဟာ အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးရှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အခုလို အနိုင်ရရှိခဲ့ခြင်းဟာ အဲဗာတန်အသင်းအတွက် နယူးကာဆယ်အသင်းကို ငါးရက်တာကာလအတွင်း နှစ်ကြိမ်မြောက်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။  

အဲဗာတန်အသင်းဟာ  အောက်တိုဘာ  ၂၉  ရက်ကလည်း ကာရာဘောင်ဖလားပွဲစဉ်မှာ နယူးကာဆယ်အသင်းကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် ပွဲစဉ်(၉) ယှဉ်ပြိုင်ကစားပြီး ချိန်မှာ ရမှတ် ၁၃ မှတ် စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့်(၇)နေရာသို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။                                                     

ငွေကြယ်

မူရင်းသတင်း — Myanmar Digital News