Myanmar Transparency News

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံသို့ သွားရောက်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှတစ်ဆင့် ရရှိသောဝင်ငွေများဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အားတည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး

သက်တံ့
၄. ၁၁. ၂၀၂၆

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieute-nant General Saichay Komma-sith ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanhthong Boudta-vong နှင့်ဇနီး၊ နိုင်ငံခြားဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့် ဇနီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကိုနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ရာဇာထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson အား ကာကွယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် တို့ပါဝင်သော CLMV အဖွဲ့ဝင်နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ- ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်းကောင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ယမန်နေ့မွန်းလွဲပိုင်းတွင်ပင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieute-nant General Saichay Kommasith က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) တို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲနှင့်အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသို့ရောက်ရှိရာ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက် ခိုင်မာစေရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာများ၊ တပ်မတော်အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှု ပပျောက်စေရေးအတွက် နှိမ်နင်းလျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများအား အမြစ်ပြတ်ချေမှုန်းရန်၊ ဒေသတွင်း၌ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပပျောက်စေရန်နှင့် အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာခြင်း မရှိစေရန်ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိမှုနှင့် ယနေ့အထိ အွန်လိုင်းလိမ်လည်မှုနှင့်သက်ဆိုင်သော အဆောက်အအုံ ၁၀၅၃ လုံးအား ဖြိုချဖျက်ဆီးခဲ့မှုအခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှတစ်ဆင့် ရရှိသောဝင်ငွေများဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အားတည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒေသဆိုင်ရာ နယ်ခြားကော်မတီ(RBC)နှင့် ပူးတွဲနယ်ခြားလုံခြုံရေးကော်မတီ(JBSC) အစည်းအဝေးများ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် အညတရ စစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချအလေးပြုသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် အညတရသူရဲကောင်းစစ်သည်ဗိမာန်သို့ ရောက်ရှိကြရာ လာအိုနိုင်ငံမှအရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့၏ တီးမှုတ်မှုနှင့်အတူ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချ အလေးပြုသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လာအိုနိုင်ငံမှ တပ်မတော်အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News