Voice of Myanmar

ပေါက်မြို့နယ်တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေ ၁၅ ယောက်ဒဏ်ရာရ

နိုဝင်ဘာ ၄ ၊ ၂၀၂၆

GG ( VOM)

မကွေးတိုင်း ၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ၁၅ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ခွက်ရွာ ၊ အိုင့်ကျယ်ရွာ၊ လယ်လန်းရွာတွေဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေက အမျိုးသမီး ၁၃ ယောက်နဲ့ အမျိုးသားကိုးယောက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။

” မနေ့က နေ့လယ် ၂ နာရီကျော်လောက်မှာ ဖြစ်တာပါ။ သေဆုံး ဒဏ်ရာရအပြင် အဆောက်အဦးပျက်စီးမှုတွေလည်း ရှိတယ် သိရတယ်။ပေါက် ၊ဆိပ်ဖြူ တကြောက စစ်ရေးအခြေအနေ တင်းမာနေတာ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ ၊ အိုင့်ကျယ်ရွာ ၊ သီးချောက်ရွာ ၊ သရဖီရွာ ၊ လယ်လန်းရွာတွေကနေ ဒေသခံ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာဘက်တွေမှာ PDF အဖွဲ့တွေ လှုပ်ရှားမှုရှိတဲ့အတွက် တပ်မတော်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ အစိုးတပ်ဖွဲ့နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်းမှာလည်း အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

မူရင်းသတင်း — Voice of Myanmar