Myanmar Transparency News

သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ သစ်လွင်သူနာပြု ၂၈၃ ဦး၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ သစ်လွင်သူနာပြု ၁၇၉ ဦး စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်

၄.၁၁.၂၀၂၆
Written by Linn Eain

သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ သစ်လွင်သူနာပြု ၂၈၃ ဦး၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ သစ်လွင်သူနာပြု ၁၇၉ ဦး စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သစ်လွင်သူနာပြုများအား ကျန်းမာရေးဝန်ကြီးဌာနမှ မိသားစုဝင်အဖြစ် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြောင်း၊ ပြည်သူလူထုအားကိုးအားထားရသော သူနာပြုဆရာ၊ ဆရာမ ကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန်လေးစားပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပြည့်မီအောင် ဆထက်ထမ်းပိုးကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ သူနာပြုများနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ရရှိထားသော ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးများ၊ ရာထူးအဆင့်အလိုက် လစာနှုန်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Capacity Building အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မိမိတို့အရည်အသွေးတိုးတက်လာစေရေးအတွက် ကြိုးစားကြစေလိုကြောင်း‌ ပြောကြားခဲ့သည်။

ထို့နောက် သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) အောင်မြင်သူ ၂၈၃ ဦးနှင့် သူနာပြုတက္ကသိုလ်(မန္တလေး)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သူ ၁၇၉ ဦး၊ စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ၄၆၂ ဦး ကိုယ်စား သစ်လွင်သူနာပြု ၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်ခဲ့ပြီး သူနာပြုတက္ကသိုလ်(ရန်ကုန်) မှ သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာတွင် သူနာပြု ၂၁၄၃ ဦးတို့ကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News