Myanmar Transparency News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ အခြေအနေပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန် သတ်မှတ်ခြင်းကို အမြဲသုံးသပ်လျက်ရှိပြီး ဖြေလျှော့ပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

၄.၁၁.၂၀၂၆
Written by Linn Eain

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ အခြေအနေပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန် သတ်မှတ်ခြင်းကို အမြဲသုံးသပ်လျက်ရှိပြီး ဖြေလျှော့ပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Tor Saralamba နှင့်အဖွဲ့အား နိုဝင်ဘာ ၃ ရက်၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်နှင့် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ငွေကြေးလွှဲပြောင်းမှုများ၊ ငွေပေးချေမှုများချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက် ဗဟိုဘဏ်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အမြတ်ဝေစုလွှဲပို့ခြင်း၊ ချေးငွေအတွက် အတိုးငွေလွှဲပို့ခြင်းများကို လုပ်ငန်းလုပ်ထုံးလုပ်နည်းရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏အခြေအနေပေါ်မူတည်၍ နိုင်ငံခြားငွေလက်ကျန်သတ်မှတ်ခြင်းကို အမြဲတမ်းသုံးသပ်လျက်ရှိပြီး ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်သော အလုပ်သမားများ ပြန်လည်ငွေလွှဲပေးပို့ခြင်း (Worker Remittance)နှင့် ပတ်သက်၍ တရားမဝင်ငွေလွှဲပို့မှုကို အားပေးသကဲ့သို့ မဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသံအမတ်ကြီးကလည်း ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်ဝေစု၊ ချေးငွေ စသည်တို့ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းဖြင့် အဆိုပါငွေကြေးများသည် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးချဲ့လုပ်ကိုင်ရန်အတွက် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ်ခွဲလာရောက်ဖွင့်လှစ်ထားသော ထိုင်းဘဏ်များသည် မြန်မာနိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနှင့်မြန်မာ ကုမ္ပဏီများကို ချေးငွေများ ထုတ်ချေးပေးရန် ရည်ရွယ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၏ ပြန်လည်ငွေလွှဲပို့မှုအတွက် တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News