Myanmar Digital News

နယူးဇီလန်နိုင်ငံ၌ ၁၃ ကြိမ်မြောက် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်လှစ်ကျင်းပ

နိုဝင်ဘာ ၃

နယူးဇီလန်မြို့တော်တွင် ၁၃ ကြိမ်မြောက် တရုတ်ရုပ်ရှင်ပွဲတော်ကို ယမန်နေ့ညနေပိုင်းက ပွဲဦးထွက်ပြသခဲ့ပြီး ပွဲတော်အတွင်း တရုတ်ရုပ်ရှင်များစွာကို ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

 “Traces of Justice” ကို ပွဲဦးထွက်ပြသခဲ့ပြီးနောက် ဖန်တီးမှုအဖွဲ့နှင့် ပရိသတ်များအကြား စိတ်ဝင်စားဖွယ်ကောင်းသော အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကားသည် ရဲအရာရှိတစ်ဦးအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည့်အတွက် အထူးဝမ်းသာ ဂုဏ်ယူမိကြောင်း နိုင်ငံရေးသမားတစ်ဦးမဖြစ်လာခင်က ဝယ်လင်တန်နှင့် နယူးဇီလန်တစ်ဝိုက်တွင် ရဲအရာရှိအဖြစ် နှစ်ပေါင်း ၄၀ ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသော နယူးဇီလန် အောက်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ Greg O'Connor က ရုပ်ရှင်ပွဲဦးထွက်ပြသမှုတွင် ပြောကြားခဲ့သည်။

နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်တွင် ဖွင့်ပွဲနှင့် ပွဲဦးထွက်ပြသမှုအခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့ညနေပိုင်းက ကျင်းပခဲ့ကြောင်းနှင့် "Once Upon a Time in the Middle East," "Dear You," "Pegasus 3," "All Wishes Come True" နှင့် "Blades of the Guardians: Wind Rises in the Desert" အမည်ရှိ ရုပ်ရှင်ငါးကားကို ပွဲတော်ကာလအတွင်း နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ အော့ကလန်နှင့် ဝယ်လင်တန်ရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက်တည်း ပြသမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်ရုပ်ရှင်ပွဲတော်နှင့် နယူးဇီလန်ရုပ်ရှင်ပွဲတော်ကို နှစ်နိုင်ငံတွင် အလှည့်ကျကျင်းပခဲ့သည်။ ၁၃ ကြိမ်မြောက် တရုတ်ရုပ်ရှင်ပွဲတော်ကို တရုတ်ရုပ်ရှင်စီမံခန့်ခွဲရေးဌာန၊ နယူးဇီလန်နိုင်ငံရှိ တရုတ်သံရုံးနှင့် အော့ကလန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးချုပ်တို့ ပူးတွဲကျင်းပသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News