Myanmar Transparency News

ထိုင်းနိုင်ငံက အငြိမ်းစားကျောင်းဆရာမကြီးက ကားဝယ်မစီးဘဲ ဆိုင်ကယ်ဟောင်းလေးမောင်းပြီး အများအကျိုးအတွက် ဆေးရုံကို ဘတ် ၁ သန်း လှူခဲ့၍ လူထုက ချီးကျူးဂုဏ်ပြု

သက်တံ့
၄. ၁၁. ၂၀၂၆

အခမ်းအနားလည်း မလို၊ ကြွားဝါမှုလည်း မပါဘဲ မိမိပိုင်ငွေ ဘတ် ၁ သန်းကို ဆိုင်ကယ်ဟောင်းလေးစီးကာ ဆေးရုံသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည့် ထိုင်းအငြိမ်းစား ဆရာမကြီးတစ်ဦး၏ သဒ္ဓါတရားမှာ လူမှုကွန်ရက်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

စင်းဘူရီ (Sing Buri) ဆေးရုံကြီး၏ အဝင်ဝသို့ ပြာလွင်သော မော်တော်ဆိုင်ကယ်လေးတစ်စီး ဆိုက်ရောက်လာသည်။ စီးနင်းလာသူမှာ အခြားသူမဟုတ် ခိုင်ဘန်ရာချန်ခရိုင်ရှိ ဝပ်ယိုင်ဆွေ့ကျောင်းမှ အငြိမ်းစား ဆရာမကြီး မာလီ ဆရီရက်ဆာ (Malee Sriraksa) ဖြစ်သည်။

သူမ၏ လက်ထဲတွင်ပါလာသည်မှာ အဝတ်အထည် သို့မဟုတ် အစားအသောက်မဟုတ်။ ဆေးရုံ၏ လိုအပ်ချက်များအတွက် သူမ၏ ကိုယ်ပိုင်စုဆောင်းငွေထဲမှ လှူဒါန်းသည့် ထိုင်းဘတ် ၁ သန်း (မြန်မာငွေ သိန်း ၁၄၅၀ ဝန်းကျင်) ပင် ဖြစ်သည်။

ဓနထက် သဒ္ဓါတရားကို ရှေ့တန်းတင်ခဲ့သူ

ထိုင်းနိုင်ငံတွင် ဘတ် ၁ သန်းဆိုသည်မှာ သာမန်လူတစ်ဦးအဖို့ ဇိမ်ခံကားကြီးတစ်စီး ဝယ်စီးနိုင်ရုံမက ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်သည့် ပမာဏဖြစ်သည်။ သို့သော် ဆရာမကြီး မာလီသည် အခမ်းအနားစုံ၊ သတင်းထောက်စုံဖြင့် ဟိတ်ဟန်ထုတ် လာရောက်ခြင်းမရှိခဲ့သလို ဇိမ်ခံကားကြီးများဖြင့်လည်း ကြွားဝါမပြခဲ့ပါ။ သူမ စီးနင်းနေကြ ရိုးရှင်းလှသည့် ဆိုင်ကယ်လေးကိုသာ အေးဆေးစွာစီးနင်းရင်း ဆေးရုံအုပ်ကြီး ဒေါက်တာပီရွန်းထံသို့ အလှူငွေကို တိတ်တဆိတ် ကိုယ်တိုင်လှူဒါန်းခဲ့သည်။

အလှူပြုပြီးနောက် အိမ်သို့ မပြန်မီ “အခုလို လှူလိုက်ရလို့ ရင်ထဲမှာ ကြည်နူးမှုတွေနဲ့ ပြည့်နှက်သွားတာပါပဲ” ဟု မာလီက ပြုံးရွှင်စွာ ပြောကြားခဲ့သည်။

စင်းဘူရီဆေးရုံကလည်း ကျေးဇူးတင်လွှာဓာတ်ပုံများကို လွှင့်တင်ခဲ့ပြီး ဆရာမကြီး မာလီအား ကျန်းမာရေးကောင်းမွန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ဒေါက်တာ ပီရွန်းကလည်း အလှူငွေများကို ရည်ရွယ်ချက်အတိုင်း လူနာများနှင့် လာရောက်သူများ၏ အကျိုးအတွက် ဆေးရုံ၏ အဆောက်အအုံ/ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရာတွင် အမှန်တကယ် အသုံးပြုသွားမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

မြင့်မြတ်သည့် ရည်ရွယ်ချက်နှင့် ပြည်သူတို့၏ ချီးကျူးသံ

သူမ လှူဒါန်းလိုက်သော ဘတ် ၁ သန်းကို စင်းဘူရီဆေးရုံကြီးနှင့် အိမ်နီးချင်းခရိုင်များမှ လာရောက်ကုသကြမည့် သာမန်ပြည်သူများအတွက် သီးသန့်လူနာခန်းများ အဆင့်မြှင့်တင်ခြင်း၊ ပိုမိုခေတ်မီ သက်တောင့်သက်သာဖြစ်အောင် ပြုပြင်မွမ်းမံခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

မည်သည့်အခမ်းအနားမှ မပါဘဲ ဆိုင်ကယ်လေးစီးကာ ရိုးရှင်းစွာ လာရောက်လှူဒါန်းခဲ့သည့် သူမ၏ ဗီဒီယိုနှင့် ပုံရိပ်များသည် ထိုင်းလူမှုကွန်ရက်ပေါ်တွင် ခဏချင်းပင် ရေပန်းစားသွားခဲ့သည်။ အဓိက ချီးကျူးကြသည်မှာ သူမ၏ ကြွယ်ဝမှုထက် “ချမ်းသာလျက်နှင့် မထောက်ကြွားသော နှိမ့်ချမှု” နှင့် “ရိုးရှင်းလှသော စေတနာတရား” ကြောင့်ပင် ဖြစ်သည်။

စည်းစိမ်ဥစ္စာဆိုသည်မှာ ပြသရန်မဟုတ်ဘဲ ဝေမျှရန်ဖြစ်ကြောင်း၊ ဟိတ်ဟန်စကားများထက် လက်တွေ့ကျသည့် စေတနာကသာ ပိုမိုကြီးမြတ်ကြောင်း ဆရာမကြီး မာလီက သူမစီးနင်းနေကြ အပြာရောင် ဆိုင်ကယ်ဟောင်းလေးနှင့်အတူ သက်သေပြသွားခဲ့လေသည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News