Myanmar Digital News

စင်ကာပူနိုင်ငံ၌ လျှပ်စစ်ဘတ်စ်ကားအသစ်အစီးရေ ၆၆၀ စတင်အသုံးပြုမည်

နိုဝင်ဘာ ၄

စင်ကာပူနိုင်ငံသည် အများပြည်သူသုံး ဘတ်စ်ကားယာဉ်အုပ်စုကို ပိုမိုသန့်ရှင်းသော စွမ်းအင်အသုံးပြုသည့် ယာဉ်များအဖြစ် ပြောင်းလဲသွားရန် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် လျှပ်စစ်ဘတ်စ်ကားအသစ် အစီးရေ ၆၆၀ ကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အဆင့်ဆင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ အများပြည်သူသုံးဘတ်စ်ကားအစီးရေထက်ဝက်ကို လျှပ်စစ် ဘတ်စ်ကားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် ဘတ်စ်ကားယာဉ်စုတစ်ခုလုံးကို ပိုမိုသန့်ရှင်းသောစွမ်းအင်ဖြင့် မောင်းနှင်သည့်ယာဉ်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

လျှပ်စစ်ဘတ်စ်ကားအသစ်များ၏ အဓိကထူးခြားချက်များတွင် ဘတ်စ်ကားအတွင်း အဓိကလျှောက်လမ်း တစ်လျှောက် လှေကားထစ်မပါရှိခြင်း၊ နှစ်ထပ်ဘတ်စ်ကားများ၏ လှေကားများတွင် အစိမ်းရောင်နှင့် အနီရောင် မီးအလင်းရောင်များ တပ်ဆင်ထားခြင်းနှင့် ပိုမိုကြာရှည်ခံသော ဘက်ထရီများ အသုံးပြုထားခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News