Myanmar Digital News

ကလေးငယ်များ ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၄

 

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၉ လမှ ၅၉ လအရွယ် ကလေးငယ်များ ဝက်သက်-ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါများသည် ကလေးငယ်များတွင် ကူးစက်မြန်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သဖြင့် ယခုကဲ့သို့ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ ခုခံအားကို ပိုမိုမြင့်မားလာစေမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်းနှင့်အထက် ရောက်ရှိစေရန်အတွက် ကျန်းမာရေးဝန်ထမ်း များက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ကျန်ရှိသည့်မြို့နယ်များတွင်လည်း ဝက်သက်-ဂျိုက်သိုး ရောဂါကင်းဝေးရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဝက်သက်၊ ဂျိုက်သိုးရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး “ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ် တေးသီချင်းကိုပြသကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှည့်လည်ကြည့်ရှု၍ ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

 

ထို့ပြင် မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များနှင့် ဒေသထွက်ကုန်များကို မြှင့်တင်ပေးနိုင်ရေးအတွက် လာမည့်တန်ဆောင်မုန်းလပြည့်နေ့တွင် မော်လမြိုင်မြို့၌ MSME ဈေးရောင်းပွဲတော်များကို အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်မုန်း လပြည့်နေ့ အခါသမယတွင် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ ဒေသထုတ်ကုန်များနှင့် MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို အများပြည်သူ အလွယ်တကူ ဝယ်ယူလေ့လာနိုင်ရေးအတွက် ဈေးရောင်းပွဲတော်များကို စနစ်တကျခင်းကျင်း ရောင်းချနိုင်ရေး ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဆက်လက်၍ တက်ရောက်လာသူများက ပွဲတော်ကျင်းပမည့် အစီအစဉ်များ၊ ဆိုင်ခန်းများ ခင်းကျင်းပြသနိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးမျာ ၏ ဖြည့်စွက်ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News