Myanmar Transparency News

အသစ်ပြန်လည်တည်ဆောက်ထားသည့် အဆင့်မြင့် မင်္ဂလာစျေးကြီး ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး မြေညီထပ်မှ စတုတ္ထအလွှာအထိ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချ

၅.၁၁.၂၀၂၆
Written by Linn Eain

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အသစ်ပြန်လည်တည်ဆောက်ထားသည့် အဆင့်မြင့် မင်္ဂလာစျေးကြီးဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ကပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ မင်္ဂလာစျေးကြီးဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးအောင်မြင့်အောင်နှင့် ကော်မတီဝင်များ၊ အကျိုးတူဆောက်လုပ်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မင်္ဂလာစျေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မင်္ဂလာစျေးသူ၊ စျေးသားများသည် တည်ဆောက်ပြီးစီးသည့် မင်္ဂလာစျေးအတွင်းပိုင်းကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

စျေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဌာနမှူး ဦးညီညီဦးက “မင်္ဂလာစျေးသစ်ကြီး ၂၀၁၈ ထဲက စတင်တည်ဆောက်ခဲ့ပြီးတော့ ပြီးစီးသွားတဲ့အတွက် အရင်ရက်တွေထဲက စတင်ပြီးရောင်းချခွင့်ပေးခဲ့ပါတယ်။ ဆိုင်ခန်းပေါင်းကတော့ ၄၀၀၀ ကျော်ပါတယ်။ အားလုံးပေါင်း မြေညီမှ ငါးလွှာဖြစ်ပါတယ်။ မူလ မင်္ဂလာစျေးစတင်ရှိထဲက ၅ ပေ ပတ်လည်ဆိုင်ခန်းတွေကို သူ့အလွှာနဲ့သူ ယခင်ဧရိယာအတိုင်း ကျွန်တော်တို့ပြန်လည် တည်ဆောက်ခဲ့ပြီးတော့ နံပါတ်တွေအတိုင်း ပြန်လည်နေရာချပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အသစ်ပြန်လည်တည်ဆောက်ထားသည့် မင်္ဂလာစျေးကြီး၌ လက်တလောတွင် မြေညီထပ်မှ စတုတ္ထအလွှာအထိ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြေညီထပ်တွင် ဆိုင်းခန်းပေါင်း ၈၄၉ ခန်း၊ ကျန်ပထမထပ်မှ စတုတ္ထအထပ်ထိ ဆိုင်ခန်းပေါင်း ၇၉၁ ခန်းစီထည့်သွင်းဆောက်လုပ်ထားကာ စုစုပေါင်း ၄၀၆၇ ခန်း ပါဝင်ကြောင်း သိရသည်။

အဆိုပါဆိုင်ခန်းများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ စီမံကွပ်ကဲမှုအောက်တွင် တည်ရှိပြီး ၅ ပေပတ်လည်ဆိုင်ခန်းများဖြစ်ကာ ယခင်စျေးသူ၊ စျေးသူများက မူလအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မင်္ဂလာစျေးကြီးကို တင်ဒါအောင်မြင်၍ အကျိုးတူပူပေါင်းဆောင်လုပ်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီ၏ စီမံကွပ်ကဲမှုအောက်တွင် တည်ရှိသည့် ၁၀ ပေပတ်လည်ဆိုင်ခန်းများမှာ အခန်းတစ်ထောင်ကျော်ရှိပြီး ကုမ္ပဏီထံမှ ငှားရမ်း၊ ဝယ်ယူနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News