သက်တံ့
၅. ၁၁. ၂၀၂၆
ခရီးသည်တင်ယာဥ်နှင့် AD Van တိုက်မိကာ ချောက်ထဲပြုတ်ကျပြီး လူရှစ်ဦးသေဆုံးမှုဖြစ်ခဲ့ရသော မီးသတ်ကွေ့ကို အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းရှိ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော မိုင် ၁၉/၀ နှင့် ၂၀/၀ ကြား လမ်းအပိုင်းသည် ယခင် အတက်လမ်း၊ အဆင်းလမ်းဟူ၍ခွဲခြားထားသည့် လမ်းသား အကျယ် ၁၂ ပေခန့်လမ်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ခန့်တွင် မီးသတ်သင်တန်းသားများ လိုက်ပါလာသော မော်တော်ယာဉ်သည် မိုင် ၁၉/၄ နှင့် မိုင် ၁၉/၅ အတွင်းတွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ခဲ့ဖူးသဖြင့် အဆိုပါ လမ်းကွေ့အား မီးသတ်ကွေ့ဟု ဒေသအခေါ် အမည်တွင်ခဲ့ခြင်းဖြစ်သည်။



အဆိုပါလမ်းပိုင်းအား ၂၀၁၆ ခုနှစ်မှ စတင်၍ အတက်လမ်းနှင့်အဆင်းလမ်းအား ပေါင်းစပ်ကာ လမ်းသားအကျယ် ၆၀ ပေ ရရှိစေရန် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။
လမ်းတည်ဆောက်ထားရှိမှုအနေဖြင့် မိုင် ၁၉/၃-၄ ကြား လမ်းကွေ့နေရာအား လမ်းအနိမ့် အမြင့် လျှောစောက် (Gradient) အနေဖြင့် ၉ ရာခိုင်နှုန်းခန့်၊ လမ်းကွေ့အစောင်း (Superelevation) အများဆုံး ၅ ရာခိုင်နှုန်း ခန့်ဖြင့်လည်းကောင်း ၊ မိုင် ၁၉/၅-၆ ကြား လမ်းကွေ့နေရာအား လမ်းအနိမ့်အမြင့် လျှောစောက် (Gradient) အနေဖြင့် ၉ ရာခိုင်နှုန်းခန့်၊ လမ်းကွေ့အစောင်း (Superelevation) အများဆုံး ၄ ရာခိုင်နှုန်းခန့်ဖြင့်လည်းကောင်း တည်ဆောက်ထားပြီး လမ်း Design အရ အမြန်နှုန်း (Design Speed) 50 km/hr အထိ မောင်းနှင်နိုင်သည်။ အဆိုပါ လမ်းကွေ့ (၂) ခု ကြားတွင်လည်း ယာဉ်အရှိန်ယူ/အရှိန်သတ်နိုင်ရန် လျှောစောက် (Gradient) ၆ ရာခိုင်နှုန်းခန့်ဖြင့် (၅၀၀) ပေခန့် Landing ခံ၍ တည်ဆောက်ထားသည်။ တောင်ပေါ်လမ်းပိုင်းများတွင် သတ်မှတ် Design Speed အတွင်း မောင်းနှင်ပါက ယာဉ်အန္တရာယ် ကင်းရှင်းနိုင်မည်ဖြစ်ပြီး ယခု မိုင် ၁၉/၀ မှ မိုင် ၂၀/၀ အတွင်း လမ်းပိုင်းတွင်လည်း အသိပေး/သတိပေး ဆိုင်းဘုတ်များ စနစ်တကျတပ်ဆင်ခြင်း၊ Guardrail များ တပ်ဆင်ခြင်း၊ Guard wall များ တည်ဆောက်ထားခြင်းကိုလည်း ဆောင်ရွက်ထားရှိသည်။ Design Speed Limit တစ်နာရီလျင် ၅၀ ကီလိုမီတာနှုန်း (50 km/hr) အတွင်း မောင်းနှင်၍ ရနိုင်သော်လည်း ယာဉ်များပိုမိုအန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် အမြန်နှုန်းကန့်သတ်ချက်ကို တစ်နာရီလျင် ၃၀ ကီလိုမီတာနှုန်း (30 km/hr) အဖြစ် သတ်မှတ်ကာ သတိပေးဆိုင်းဘုတ်များ တပ်ဆင်၍ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ထားရှိသည်။


ပြီးခဲ့သည့် ၂၄-၁၀-၂၀၂၆ ရက်နေ့ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုဖြစ်စဉ်ကို လေ့လာသုံးသပ်ရာတွင် မန္တလေးဘက်မှတက်လာသော AD Van လူစီးမော်တော်ယာဉ်ငယ်သည် အရှိန်ဖြင့်ကွေ့တက်ရာတွင် လမ်းဘယ်ဖက်ခြမ်း တစ်ဖက်ယာဉ်ကြောအထိ ရောက်ရှိသွားစဉ် ပြင်ဦးလွင်ဘက်မှ ဆင်းလာသော Express ယာဉ်နှင့် မျက်နှာခြင်းဆိုင် တိုက်မိခြင်းဖြစ်သည်။ ဆက်လက်ပြီး Express ယာဉ်သည် (လုံလောက်သောလမ်းအကွေ့အကျယ်ရှိသော်လည်း) ၎င်း၏အရှိန်ကို မထိန်းနိုင်သဖြင့် လမ်းကွေ့အတိုင်းမကွေ့နိုင်ဘဲ လမ်းညာဖက်ရှိ အန္တရာယ်ကာကွယ်တန်း (Guardrail) ကိုတိုက်ကာ ချောက်ထဲသို့ကျဆင်းသွားခြင်းဖြစ်ပါသည်။ Express ယာဉ်သည် လမ်း၏ ခွင့်ပြုအရှိန် Design Speed ထက် ကျော်လွန်မောင်းနှင်လာသဖြင့် မိမိအရှိန်ကို ထိမ်းသိမ်းနိုင်ခြင်းမရှိခြင်းနှင့် မော်တော်ယာဉ် ချို့ယွင်းချက်ကြောင့်လည်းကောင်း၊ ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် လည်းကောင်း ယာဉ်မတော်တဆမှုဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု သုံးသပ်ရရှိသည်။ ထို့ကြောင့် လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်မောင်း၏ ပေါ့ဆမှုမရှိစေရေး၊ ယာဉ်ကြံ့ခိုင်မှု၊ စက်ကြံ့ခိုင် ကောင်းမွန်မှုရှိစေရေးအား အလေးထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
ယခင်က အတက်လမ်းနှင့် အဆင်းလမ်း ၁၂ ပေ အကျယ်ကတ္တရာလမ်းအဖြစ် ရှိခဲ့ရာမှ ပေ ၆၀ အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC လမ်း) အဖြစ် အဆင့်မြှင့်တင်ခဲ့သော အဆိုပါ မိုင် ၁၉/၀ မှ မိုင် ၂၀/၁ လမ်းပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်စဉ် တစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သောနေရာအား အန္တရာယ်ကာကွယ်တန်း (Guardrail) များ ပြန်လည်အားဖြည့်တပ်ဆင်ခြင်း၊ အကာအကွယ်နံရံ (Guard wall) များ ပြန်လည်ကာရံတည်ဆောက်ခြင်း၊ လမ်းကွေ့ အစောင်း (Super elevation) အာ ပြန်လည်စစ်ဆေးမွမ်းမံခြင်း သတိပေးဆိုင်းဘုတ်များ ထပ်မံတပ်ဆင်ခြင်းနှင့် ယာဉ်များ အရှိန်များပါက သတိပြုမိစေမည့် Rumble strips များ ပြန်လည်ရေးဆွဲခြင်း စသော ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းအစီအမံများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဖြေကြားချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကဖြစ်ပွားခဲ့သည့် အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သည် ဘရိတ်ပေါက်လာသော နယူးမန္တလာထွန်းယာဥ်နှင့် ချိုလွင်မန်းယာဥ်လိုင်းမှ Nissan Wingroad AD Van တို့ တိုက်မိကာ နယူးမန္တလာထွန်းယာဥ်မှာ ပေ ၃၀၀ ခန့်နက်သော ချောက်ထဲပြုတ်ကျပြီး ယာဥ်အသီးသီးမှ ယာဥ်မောင်းနှစ်ဦးနှင့် ခရီးသည်လေးဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ကာ ၂၅ ဦးခန့် ဒဏ်ရာရခဲ့ရာမှ သေဆုံးသူ နှစ်ဦးထပ်မံတိုးခဲ့သဖြင့် သေဆုံးသူ ရှစ်ဦးအထိ မြင့်တက်လာခဲ့သည်။
