
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ညောင်ရွှေမြို့နယ်၊တောင်ပို့ကြီး ကျေးရွာ အုပ်စု၊ ညောင်ဝန်းကျေးရွာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် အင်းလေးကန် ထိန်းသိမ်းရေး ဟောပြောပွဲ ပြုလုပ်ကာ၊ အသိပညာပေး ရှင်းလင်းပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃ ရက် နေ့လယ် ၂ နာရီတွင် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး၊ ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ၊ အင်းလေးဒေသတွင်းရှိ ဒေသခံ (၁၀၆)ဦး၊ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြိုနယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ဒေသခံ အသုံးပြုသူများအဖွဲ့၏ တာဝန်ဝတ္တရားများကို လည်းကောင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက အင်းလေးကန်အတွင်းရှိ နေရင်း ဒေသ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပေါက်ပင်များ ဂေဟစနစ်မျှတရေးနှင့် ရေရှည်ထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် အင်းလေးကန် ဘေးမဲ့တော ဧရိယာအတွင်း စိုက်ပျိုးရေးသုံး ဓာတုဆေး များ အလွန်အကျွံသုံးစွဲမှုမရှိစေရေး၊ တားမြစ်ထားသည့် နည်းလမ်းများဖြင့် တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဘက်ထရီရှော့တိုက်ခြင်းများ မပြုရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း နှင့် ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ဖူးက စူပါအယ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ကြုံတွေ့လာနိုင် မည့်အခက်အဲများ ကြိုတင်ပြင်ဆင် နိုင်ရန်နှင့် ဓာတုပိုးသတ်ဆေးသုံးစွဲမှုများ စနစ်တကျသုံးစွဲရန် ဆွေးနွေးဟောပြောခဲ့ပါသည်။
ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်မှ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းများ အောင်မြင်ရေးအတွက် CFI ညွှန်ကြားချက်များနှင့်အညီ သစ်တော ဦးစီးဌာနမှ ဆောင်ရွက်ခွင့်ပြုထားသည့် CF ဧရိယာများတွင် တစ်ဧကလျင် သစ်တောသစ်ပင် (၁၅၀) ပင်နှင့် ကြားညှပ်သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း လုပ်ငန်း များကို စနစ်တကျ စိုက်ပျိုးဆောင်ရွက်ရန်နှင့် CFI (၂၀၁၉) ညွှန်ကြားချက်နှင့်အညီ သစ်တောသစ်ပင်များကို ရှင်သန် အောင်မြင်စေရေး ထိန်းသိမ်းပြုစုရန်၊ CF များ တည်ထောင်သည့် နှစ်မှ (၃)နှစ် အတွင်း ရှင်သန်အောင်မြင်မှု(၇၀%) ရရှိစေရန်နှင့် CF တားမြစ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပါအတိုင်း ဆောင် ရွက်နိုင်ခြင်းမရှိပါက CF တည်ထောင် ဆောင်ရွက်ခွင့် ပြန်လည်ပယ်ဖျက်သွားမည် ဖြစ်ပါကြောင်းနှင့် သစ်တောမြေအတွင်း ကျူးကျော်ဝင်ရောက် ခုတ်ထွင်ရှင်းလင်းမှု မရှိစေရေး၊ ကျူးကျော်တောင်ယာချဲ့ထွင်မှုမရှိစေရေး ရွှေ့ပြောင်းတောင်ယာပပျောက်ရေး စသည့် အကြောင်းအရာများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။
ညောင်ရွှေမြို့နယ် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက အင်းလေးကန် ဘေးမဲ့တောဧရိယာအတွင်း တောရိုင်းတိရစ္ဆာန်များနှင့် သဘောဝပေါက်ပင်များ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်မျှတမှုရှိရေး၊ သဘာဝအပင် များ ခုတ်ထွင်ရှင်းလင်း၍ တရားမဝင် ကျွန်းမျောများ ချဲ့ထွင်စိုက်ပျိုးမှုမရှိစေရေးနှင့် ဓာတု ဆေးဝါးများ အလွန်အကျွံသုံးစွဲမှုလျှေ့ချရေး၊ တားမြစ်ထားသည့် နည်းလမ်းများဖြင့် တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုလုပ်ရေးစသည့် အကြောင်းအရာများကို ရှင်းလင်းခဲ့သည်။ထို့ပြင် ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ဖူးက စူပါအယ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ကြုံတွေ့လာနိုင်မည့်အခက်အဲများ ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် ဓာတုပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရန် အသိပညာပေး ဟောပြောခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများမှ သိရှိလို သည်များ အပြန်အလှန်မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါကြောင်းသိရသည်။