Eleven Media Group

■ မြောက်ကိုရီးယားက လေကြောင်းရန်ကာကွယ်ရေး စနစ်အသစ်ကို စမ်းသပ်

မြောက်ကိုရီးယားနိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်အသစ်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် တိုက်ခိုက်ရေး လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါစမ်းသပ်မှုသည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ပြုလုပ်ခဲ့သော ကလပ်စတာခဲယမ်းများ၊ တိုက်ခိုက်ရေး ဒရုန်းများ၊ တိကျစွာ ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောဖျက် တော်ပီဒိုစနစ်နှင့် အသံထက်မြန်သော တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မှုများ အပါအဝင် လက်နက်စမ်းသပ်ပြသမှုများအနက် နောက်ဆုံးစမ်းသပ်မှုဖြစ်သည်။

တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယား၏ ဆွန်းဒေါ့ခ်ဒေသမှ ဂျပန်ပင်လယ်အတွင်းသို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်အများအပြားကို စိစစ်တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့အပေါ် ၎င်း၏ သဘောထားကို ပိုမို တင်းမာခဲ့ပြီး မကြာသေးမီက ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း တောင်ကိုရီးယားနှင့် ဆက်ဆံရေး ဆိုးရွားစွာ ကျဆင်းခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဩဇာကြီးမားသည့် ညီမဖြစ်သူကလည်း အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည် စတင်ရေးအတွက် စိတ်အားထက်သန်မှု မရှိကြောင်း ယခုသီတင်းပတ်အတွင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အသစ်ဒီဇိုင်းထုတ်ထားသည့် လက်နက်စနစ်၏ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကို အတည်ပြုရန်အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ယင်းစမ်းသပ်မှုသည် ဒုံးကျည်စနစ်၏ ပစ်မှတ်များကို ခွဲခြားသတ်မှတ်နိုင်စွမ်း၊ ခြေရာခံနိုင်စွမ်းနှင့် ပစ်မှတ်ရှာဖွေရေး ကိရိယာ၏ စိတ်ချယုံကြည်ရမှုတို့ကိုလည်း ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တပ်ဖွဲ့၏ ပစ်ခတ်ရေး ဆိုင်ရာတပ်ဖွဲ့ တစ်ခုသည်လည်း နိုဝင်ဘာ ၄ ရက်က တိုက်ခိုက်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း KCNA က ဆိုသည်။

အဆိုပါ တပ်ဖွဲ့သည် တာဝေးပစ် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်ကို အသုံးပြုပြီး ပစ်မှတ်အဖြစ် ပုံဖော်သတ်မှတ်ထားသော လေဆိပ်အား တိုက်ခိုက်ရေးတာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ခဲ့ကြောင်း KCNA ကဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group