
ဟောင်ကောင်တွင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်သည် ပြည်ပအာဏာပိုင်များနှင့် ပူးပေါင်းကြံစည်မှုဖြင့် နိုဝင်ဘာ ၅ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။
၂၀၁၄ ခုနှစ်က ဟောင်ကောင်ကို လှုပ်ခတ်စေခဲ့သည့် Umbrella Movement ဆန္ဒပြမှုများအတွင်း ထင်ရှားကျော်ကြားလာခဲ့သည့် ဝေါင်သည် အကျဉ်းထောင်ထဲတွင် ခြောက်နှစ်နီးပါး ကျခံခဲ့ပြီးဖြစ်ကာ ယခုအခါတွင် ၂၀၃၆ ခုနှစ် ကုန်ပိုင်းအထိ ပြန်လည် လွတ်မြောက်လာမည် မဟုတ်ပေ။
ပြီးခဲ့သည့်လက အသက် ၃၀ ပြည့်ခဲ့သည့် ဝေါင်သည် တရုတ်က ပြဋ္ဌာန်းထားသည့် အမျိုးသား လုံခြုံရေးဥပဒေအရ နိုင်ငံတော် အာဏာ ဖီဆန်မှုဖြင့် ထောင်ဒဏ် လေးနှစ်နှင့် ရှစ်လ ကျခံခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလတွင် လွတ်မြောက်လိမ့်မည်ဟု ယခင်က မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ဟောင်ကောင် အာဏာပိုင်များသည် အဆိုပါ အမျိုးသား လုံခြုံရေးဥပဒေကိုပင် အသုံးပြုပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဝေါင်အား ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲကာ ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပိတ်သိမ်းလိုက်ပြီဖြစ်သည့် Apple Daily သတင်းစာကို တည်ထောင်ခဲ့သည့် ဒီမိုကရေစီလှုပ်ရှားသည့် မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင်သည်လည်း အဆိုပါ ဥပဒေဖြင့်ပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။
တရားရုံးက နိုဝင်ဘာ ၅ ရက်တွင် ဝေါင်နှင့် ပြည်ပြေးအဖြစ် တိမ်းရှောင်နေရပြီး အာဏာပိုင်များ၏ ဝရမ်းထုတ်ခြင်း ခံထားရသည့် ကျောင်းသားခေါင်းဆောင် နေသန် လောတို့အား အမျိုးသား လုံခြုံရေးကို အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်မှု၏ ခေါင်းဆောင် နှစ်ဦး သို့မဟုတ် ကြိုးကိုင်သူများအဖြစ် ဖော်ပြခဲ့သည်။
ဝေါင် ပြုလုပ်ခဲ့သည့် ပြစ်မှုမှာ ကြီးလေးသော သဘောသဘာဝရှိသည်ဟု ယူဆရသောကြောင့် ၎င်းအနေဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနိုင်ခြေ ရှိကြောင်း တရားသူကြီး ဝီလျံ တမ်က ပြောကြားခဲ့သည်။
သို့သော် ၎င်းက ဝေါင်၏ ပြစ်မှုအတွက် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ပြီး ဝေါင်၏ အပြစ်ရှိကြောင်း ဝန်ခံမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်သို့ လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။
Ref: AFP