
စကြာဝဠာအတွင်း အပြင်းထန်ဆုံး စွမ်းအင် ပေါက်ကွဲမှုများကို ဆယ်စုနှစ် နှစ်ခုကြာ လေ့လာစုံစမ်းခဲ့သည့် NASA ၏ Swift ဂြိုဟ်တု တယ်လီစကုပ်သည် နိုဝင်ဘာ ၃ ရက်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှ ကျဆင်းလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အထက် ကမ္ဘာ့လေထုအတွင်း၌ လောင်ကျွမ်းပျက်စီးသွားခဲ့ကြောင်း NASA က သတင်းထုတ်ပြန်ခဲ့သည်။
အလေးချိန် ပေါင် ၃၂၀၀ (၁၄၅၂ ကီလိုဂရမ်) ခန့်ရှိသော Neil Gehrels Swift လေ့လာရေး ဂြိုဟ်တု တယ်လီစကုပ်ကို ပိုမိုမြင့်မားသည့် ပတ်လမ်းအတွင်းသို့ မြှင့်တင်ရန်နှင့် သက်တမ်းတိုးမြှင့်ရန် ကယ်ဆယ်ရေးအာကာသယာဉ်၏ မစ်ရှင် ကျရှုံးခဲ့ပြီးနောက် သုံးလမပြည့်မီအချိန်တွင် ယခုကဲ့သို့ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
Swift ဂြိုဟ်တု၏ ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်မှုသည် အီကွေတာ၏ မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) ခန့်အကွာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြား ပြည်နယ် အထက်တွင် အသံထက် ၂၂ ဆခန့် မြန်သော နှုန်းဖြင့် အပေါ်ယံ လေထုအတွင်းသို့ ဖြတ်သန်းသွားခဲ့ကြောင်း အမေရိကန် အာကာသတပ်ဖွဲ့က အတည်ပြုခဲ့သည်ဟု NASA က ဆိုသည်။
လေထုအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် ဖြစ်ပေါ်လာသည့် လေထုနှင့်ပွတ်တိုက်သည့် အပူကြောင့် ဂြိုဟ်တု၏ အစိတ်ပိုင်း အများစုသည် ကမ္ဘာ့မျက်နှာပြင်အထက် လောင်ကျွမ်းပြာကျသွားမည်ဟု မျှော်လင့်ရပြီး အချို့သော အစိတ်အပိုင်းအစအနများ ကျဆင်းလာနိုင်သော်လည်း မြေပြင်ပေါ်သို့ အပျက်အစီးများ ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရရှိမှု မရှိကြောင်း NASA က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဂြိုဟ်တု ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် နေရာသည် လူဦးရေ ၂ ဒမသ ၅ သန်းခန့် နေထိုင်သည့် မြောက်ဆူမားတြားပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော မီဒန်မြို့နှင့် မည်မျှနီးကပ်သည်ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်အာကာသတပ်ဖွဲ့သည် အစောပိုင်းကတည်းက လူနေထူထပ်သော ဒေသများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်အလွန်နည်းပါးကြောင်း တွက်ချက်ထားခဲ့ပြီး ကမ္ဘာပေါ်တွင် လူသားများကို ထိခိုက်မှု ဖြစ်စေနိုင်ခြေကို ၂၁၀၀ ပုံတွင် ၁ ပုံ သာရှိသည်ဟု သတ်မှတ်ခဲ့သည်။
ဗြိတိန်အခြေစိုက် စက်မှုအပိုပစ္စည်း ပံ့ပိုးရေးလုပ်ငန်း Accu Components မှ အာကာသအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒင်း စလက်ဒင်ကမူ အဆိုပါဂြိုဟ်တု၏ မီးကျွမ်းထားသည့် သေးငယ်သည့် အစိတ်အပိုင်းအနည်းငယ်သာ မြေပြင်ပေါ်သို့ ကျရောက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
"ဒီလို အရွယ်အစားရှိတဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာ့လေထုအတွင်းကို ပုံမှန် ပြန်လည်ဝင်ရောက်လေ့ရှိပြီး အာကာသပျံသန်းမှု နှစ်ပေါင်း ၇၀ နီးပါးအတွင်း အပျက်အစီးတွေ ကျရောက်မှုကြောင့် ဘယ်သူမှ သေဆုံးခဲ့ဖူးခြင်း မရှိသေးပါဘူး" ဟု စလက်ဒင်က ပြောကြားခဲ့သည်။
ရေရှည်တွင် လေထုအတွင်း ပြန်လည်ဝင်ရောက်မှု အမှားအယွင်း အန္တရာယ်များ ပိုမိုကြီးထွားလာနိုင်သောကြောင့် ဂြိုဟ်တုများကို ဘေးကင်းစွာ လေထုအတွင်းသို့ ပျက်ကျစေရန် ဒီဇိုင်းဆွဲရေးမှာ ပို၍ပို၍ အရေးပါလာခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
NASA ၏ တန်ဖိုးကြီး ဒေါ်လာ သန်း ၅၀၀ တန် Swift ဂြိုဟ်တုကို တယ်လီစကုပ် သုံးခုဖြင့် စကြာဝဠာအတွင်း အပြင်းထန်ဆုံး စွမ်းအင် ပေါက်ကွဲမှုများဖြစ်သည့် ဂမ်မာရောင်ခြည် လှိုင်း ပေါက်ကွဲမှုများကို လေ့လာရန် အဓိက ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီးနောက်ပိုင်း Swift ဂြိုဟ်တုသည် စူပါနိုဗာ ကြယ်ပေါက်ကွဲမှု ရာပေါင်းများစွာ၊ ကြယ်များကို ဝါးမျိုဖျက်ဆီးသည့် Black Hole များ၊ ကြယ်များမှ ထွက်ပေါ်လာသော X-ray ရောင်ခြည်များ၊ ဥက္ကာပျံများနှင့် ကြက်တံခွန်များကိုလည်း လေ့လာစုံစမ်းခဲ့ပြီး ထုတ်ဝေခဲ့ပြီးဖြစ်သော သိပ္ပံဆိုင်ရာ စာတမ်းပေါင်း ၇၀၀၀ ခန့်အတွက် အထောက်အကူပြုနိုင်ခဲ့သည်။ ထိုဂြိုဟ်တုသည် အောက်တိုဘာ ၂၀ ရက်နေ့တွင် မစ်ရှင်များကို ရပ်ဆိုင်းခဲ့သည်။
ကိုယ်ပိုင် တွန်းကန်အားပေးစနစ်မပါဝင်သည့် အဆိုပါ လေ့လာရေးဂြိုဟ်တုသည် ဒီဇိုင်းရေးဆွဲထားသော သက်တမ်းထက် များစွာ ပိုမိုကြာရှည်ခံခဲ့ပြီး၊ လပေါင်းများစွာကြာအောင် ပတ်လမ်းကြောင်း မတည်ငြိမ်မှုဆီသို့ တဖြည်းဖြည်း လျှောကျနေခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လအတွင်းက NASA နှင့် အရီဇိုးနားအခြေစိုက် Katalyst ကုမ္ပဏီတို့သည် Swift ဂြိုဟ်တုနှင့် သွားရောက်ချိတ်ဆက်ကာ ပိုမိုမြင့်မားပြီး ရေရှည်တည်တံ့သော ပတ်လမ်းကြောင်းအတွင်းသို့ ဆွဲတင်ရန် LINK ဟုခေါ်သော အထူးတည်ဆောက်ထားသည့် ကယ်ဆယ်ရေး ယာဉ်တစ်စီးကို လွှတ်တင်ခဲ့ကြသည်။
သို့သော် LINK အာကာသယာဉ်ကိုယ်တိုင်သည် အာကာသသို့ ရောက်ရှိပြီး မကြာမီမှာပင် ထိန်းချုပ်မရဘဲ လည်ထွက်သွားခဲ့ပြီး ဩဂုတ်လ လယ်ပိုင်းတွင် မစ်ရှင်မန်နေဂျာများသည် Swift ဂြိုဟ်တုကို ထပ်မံသက်တမ်းတိုးမည့် မစ်ရှင်ကို လက်လျှော့ခဲ့ကြသည်။
Ref: Reuters