
အမေရိကန်၏မူဝါဒများ ပြောင်းလဲလာမည်ဟု မျှော်လင့်နေသူများ အကြီးအကျယ် မှားယွင်းနေကြောင်း အီရန်အဓိပတိခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် အီရန်ခေါင်းဆောင်၏မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ပါတီအပြောင်းအလဲ၊ အုပ်စုအပြောင်းအလဲတွေကြောင့် အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ မူဝါဒနဲ့အပြုအမူတွေလည်း ပြောင်းလဲလာနိုင်တယ်လို့ နည်းနည်းလေးဖြစ်ဖြစ် မျှော်လင့်နေသူတွေ ၊ အမေရိကန်ကို အလျှော့ပေးလိုက်ရင် အီရန်နိုင်ငံအပေါ် ရန်လိုမှုတွေ ရပ်တန့်သွားမှာပဲလို့ ယူဆနေသူတွေဟာ အကြီးအကျယ် မှားယွင်းနေကြတာပဲ” ဟု မိုဂျ်တာဘာ ခါမေနီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် စာဖြင့်ရေးသားထုတ်ပြန်ခဲ့သည်။
ထို့ပြင်အီရန်ကို ထပ်မံကျူးကျော် တိုက်ခိုက်လာပါက စစ်ပွဲအတိုင်းအတာ ပိုမိုကျယ်ပြန့်လာမည်ဟုလည်း ၎င်းက ထုတ်ပြန်ချက်မှတစ်ဆင့် သတိပေးခဲ့သည်။
အီရန်တရားရေးဌာနအကြီးအကဲ ဂိုလမ်ဟူစိန် မိုဆဲနီ အီဂျေအီကလည်း အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲရလဒ်များကို ကြိုဆိုခဲ့ပြီး စစ်ရေးနှင့်နိုင်ငံရေး နှစ်ရပ်စလုံးတွင် ဒေါ်နယ်ထရန့် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ထရန့်ကို နောက်ထပ်ရှုံးနိမ့်မှုများ ကြုံတွေ့စေရန် အီရန်ဘက်က ကြိုးပမ်းသွားမည်ဟု ၎င်းကပြောသည်။
အသက် ၅၇ နှစ်အရွယ် ခါမေနီသည် အီရန်စစ်ပွဲစတင်ချိန် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ဖခင်အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီးနောက် အီရန်အဓိပတိခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သို့သော် အလီ ခါမေနီ၏ ဒုတိယမြောက်သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် မတ်လတွင် အာဏာလွှဲယူပြီးကတည်းက ယခုအချိန်အထိ လူမြင်ကွင်းသို့ ထွက်ပေါ်မလာဘဲ စာဖြင့်သာ ထုတ်ပြန်ချက်များထုတ်နေပြီး ၎င်း၏သဘောထားကို ပြသနေသည်။
Ref: AFP
Photo: Reuters