
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဂျိမ်းစ် တာလာရီကိုသည် အမေရိကန်ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီဘက်က ဒေါ်လာသန်း ၂၀၀ ကျော် သုံးကာ အပြိုင်အဆိုင် မဲဆွယ်ခဲ့သည့်ကြားမှ အနိုင်ရရှိခဲ့သည်။ တာလာရီကို အနိုင်ရမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း တက္ကဆက်ပြည်နယ်မှ အမေရိကန်အထက်လွှတ်တော် အမတ်နေရာကို ဒီမိုကရက်တစ်ပါတီက ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းရလဒ်သည် နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီအတွက် အကြီးမားဆုံး အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုများအနက် တစ်ခုဖြစ်လာခဲ့သည်။
တာလာရီကိုသည် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်အထိ ၎င်းကိုလူသိနည်းသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွင် တာလာရီကိုက ရီပတ်ဘလစ်ကန်ပါတီ ဦးဆောင်မှုအောက်၌ လူနေမှုစရိတ်များ မြင့်တက်လာနေကြောင်းကို အဓိကအကြောင်းအရာအဖြစ် မီးမောင်းထိုးပြခဲ့သည်။
အမေရိကန်တွင် လူဦးရေအများဆုံး ဒုတိယပြည်နယ်ဖြစ်သည့် တက္ကဆက်ပြည်နယ်၏ မြို့တော်အော်စတင်တွင် နိုဝင်ဘာ ၃ ရက်ညက ရွေးကောက်ပွဲရလဒ် စောင့်ကြည့်ပွဲ၌ ရုပ်မြင်သံကြားဖန်သားပြင်ကြီးများမှ တာလာရီကို အနိုင်ရရှိကြောင်း ပြသခဲ့ပြီးနောက် ထောက်ခံသူများက အောင်ပွဲခံခဲ့ကြသည်။
တာလာရီကိုက ထောက်ခံသူများ၏ သောင်းသောင်းဖြဖြ ကြိုဆိုမှုများကြားမှ စင်မြင့်ပေါ်သို့ တက်လာပြီး “ကျွန်တော်တို့ တက္ကဆက်ပြည်နယ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ ငွေကြေးအားလုံးက တက္ကဆက်ပြည်သူတွေကို မယှဉ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပြီ” ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်၏ ထောက်ခံမှုရရှိထားသည့် ပြိုင်ဘက်ကန်ပါ့စတန်ကို အနိုင်ရခဲ့မှုနှင့် ပတ်သက်၍ ၎င်းက ရည်ညွှန်းပြောလိုက်ခြင်းဖြစ်သည်။ ပါ့စတန်၏ မဲဆွယ်စည်းရုံးရေးကို ထောက်ပံ့သည့် Super PAC အဖွဲ့အတွက် အီလွန်မတ်စ်က ဒေါ်လာ ၁၅၈ သန်း ထည့်ဝင်ခဲ့သည်။
ပါ့စတန်က တာလာရီကို၏ နိုင်ငံရေးအမြင်များသည် တက္ကဆက်ပြည်နယ်အတွက် အလွန်အမင်း တိုးတက်ရေးဝါဒ ဆန်နေကြောင်း မဲဆွယ်စည်းရုံးခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်က ၎င်းနှင့်အတူတကွ အကြိမ်ကြိမ် မဲဆွယ်ပေးခဲ့သည်။ ထရန့်သည် ပါ့စတန်နှင့် အခြားရီပတ်ဘလစ်ကန် ပါတီဝင်များအတွက် ထောက်ခံမှုပိုရစေရန် တက္ကဆက်ပြည်နယ်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ထိုအချက်က မဲပေးသူအရေအတွက်အပေါ် ပါတီခေါင်းဆောင်များက စိုးရိမ်မှုရှိနေကြောင်း ပြသနေသည်။
ဓာတ်ဆီဈေးအပါအဝင် အခြေခံစားသုံးကုန်နှင့် ဝန်ဆောင်မှုစရိတ်များ မြင့်တက်နေခြင်းအပေါ် မဲဆန္ဒရှင်များက မကျေနပ်မှုများရှိနေကာ ထရန့်အစိုးရ၏ သွင်းကုန်ခွန်မူဝါဒများနှင့် အီရန်စစ်ပွဲကို အများစုက အပြစ်တင်နေကြသည်။ ထို့ပြင် လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်များနှင့် အမေရိကန်တောင်ပိုင်း နယ်စပ်တစ်လျှောက် နေထိုင်သူများကလည်း ထရန့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒများအပေါ် မကျေနပ်မှုများရှိနေကြသည်။
Ref: BBC
AP: Photo