
ပြင်သစ်နိုင်ငံရှိ သွေးလှူဘဏ်အချို့၏ အအေးခန်းများကို ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုက ပစ်မှတ်ထားခဲ့ကြောင်း ပြင်သစ်အာဏာပိုင်များက နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။ ဥရောပတစ်ခွင် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် စိုးရိမ်မှုများမြင့်တက်နေချိန် သွေးလှူဘဏ်များပါ ပစ်မှတ်ဖြစ်လာခဲ့သည်။
ပြင်သစ်သွေးဌာန (EFS) ၏ ထုတ်ပြချက်အရ အအေးခန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုကို နိုဝင်ဘာ ၂ ရက်တွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ သွေးလှူဘဏ်သုံးခုရှိ အပူချိန်စောင့်ကြည့်ရေးနှင့် ထိန်းချုပ်ရေးစနစ်များ ကမောက်ကမဖြစ်ခဲ့သည်။
ပြင်သစ်မဂ္ဂဇင်းတစ်ခု၏ ဖော်ပြချက်အရ အဆိုပါအအေးခန်းများတွင် သွေးနမူနာများ၊ သွေးသွင်းကုသမှုများနှင့် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုမည့် သွေးရည်ကြည်အိတ်များ သိုလှောင်ထားပြီး အပူချိန် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်အစား ၁၁၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိစေရန် စနစ်တကျ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်တွင် သွေးနှင့်သွေးပစ္စည်းများ ဆုံးရှုံးမှုမရှိခဲ့ကြောင်း ပြင်သစ်သွေးဌာနကပြောသည်။ ဆိုက်ဘာတိုက်ခိုက်မှု မည်သို့ဖြစ်ပွားခဲ့သည်ကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဥရောပခုနစ်နိုင်ငံရှိ စူပါမားကတ်များ၏ အအေးပေးစနစ်များကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် လုပ်ငန်းလည်ပတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်ခဲ့ပြီးနောက် ဥရောပရှိ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက ဆိုက်ဘာတိုက်ခိုက်မှုများကို အထူးသတိထား စောင့်ကြည့်နေကြသည်။
Ref: AFP
Photo: Reuters & AFP
#ပြင်သစ် #သွေးလှူဘဏ် #ဆိုက်ဘာတိုက်ခိုက်မှုနှင့်ကြုံရ #elevennews