

ကျိုက်ထို၊ နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ပြည့်အားမာန်မွေးမြူရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်မှ ကြက်မွေးမြူရေး လုပ်ကိုင်သည့် အသင်းသားများအား မျိုး၊ အစာနှင့် ဆေးဝါးဖိုးထောက်ပံ့ပေးထားမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့သည် ပြည့်အားမာန် မွေးမြူရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသားတိုးကြက် (၃၃,၀၀၀) ကောင်နှင့် ဥစားကြက် (၆,၀၀၀) ကောင်၊ စုစုပေါင်း ကြက်ကောင်ရေ (၃၉,၀၀၀) ကောင် မွေးမြူထားသည့် အသင်းသား (၇) ဦး၏ မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကြက်မွေးမြူသည့် အသင်းသားများအတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်က ပထမအကြိမ်အဖြစ်မျိုးနှင့် အစာတန်ဖိုး ငွေကျပ် (၄၈၇) သိန်းအား ပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ ယခုအခါ မွေးမြူရေးလုပ်ငန်း ပိုမိုအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ထပ်မံ၍ အစာနှင့် ဆေးဝါးတန်ဖိုး ငွေကျပ် (၄၃၆) သိန်းအား ထပ်မံပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုအနေဖြင့် အသင်းသားများ၏ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်စေရန်အတွက် လိုအပ်သည့် နည်းပညာနှင့် ရင်းနှီးမတည်ငွေများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar