NP News

မြန်မာ့ပထမဆုံး စိုက်ပျိုးရေးအခြေခံသည့် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သော Kawt Ma Yan Resort Hotel စတင်ဖွင့်လှစ်

ထိုက်စံ (NP News) - နိုဝင်ဘာ ၇

(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုည့်အနေဖြင့် ကရင်ပြည်နယ် ဘားအံမြို့ ပုံကျေးရွာအုပ်စု ကော့မရမ်းကျေးရွာ ဇွဲကပင် တောင်ခြေတွင် မြန်မာ့ပထမဆုံး စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလုပ်ငန်းဖြစ်သော Kawt Ma Yan Resort Hotel ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၆)ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ခဲ့ပြီး ယခုဟိုတယ်သည် မြန်မာနိုင်ငံ၌ပထမဦးဆုံးအဖြစ် စတင်ဆောင်ရွက်မည့် စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ် ငန်းတစ်ခု(Agro-based Tourism)ဖြစ်ကြောင်း အခမ်းအနားတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကပြောသည်။
Kawt Ma Yan Resort Hotel သည် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (ဝ ဒသမ ဝ၂၉၇၅)သန်းအပါအဝင် မြန်မာကျပ်ငွေ (၁၂)ဘီလျံဖြင့် စပါးစိုက်ခင်းများပေါ်တွင် ဘန်ဂလို(၁၂)လုံး၊ (၃)ခန်းတွဲ(၂)ထပ် အဆောက်အအုံ(၃)လုံးဖြင့် စုစုပေါင်းအိပ်ခန်း (၃၀)ခန်းပါဝင်ကြောင်းသိရသည်။ အဆိုပါ Hotel ကို လယ်မြေဧရိယာ (၃ ဒသမ ၃) ဧကပေါ်တွင် (ဝ ဒသမ ၉၀)ဧကကိုသာ တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကျန် (၂ ဒသမ ၃) ဧကကို နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးရိတ်သိမ်း အပန်းဖြေနိုင်မည့်စိုက်ခင်းများအဖြစ်ဖော်ဆောင်ထားရှိကာ ခရီးသွားဧည့် သည်များအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းအား အနီးကပ်လေ့လာသိရှိခွင့်ရရှိပြီး စပါးခင်းများ အကြား အပန်းဖြေအနား ယူခြင်း၊ ခြေလျင်တောင် တက်ခြင်းစသည့် ဆွဲဆောင်မှုရှိသည့်ခရီးစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက အခမ်းအနားတွင်ပြောသည်။
“ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ခရီးသွားလုပ်ငန်း နဲ့ဆက်စပ်နေ တဲ့ လုပ်ငန်းကဏ္ဍတွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးနိုင်တဲ့အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက် အကူပြုနိုင် မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မူရင်းသတင်း — NP News