
သုတကျော် (NP News) - နိုဝင်ဘာ ၈
တပ်မတော်၏ ပြည်သူ့စစ်မှုထမ်းက နှစ်နှစ်ပြည့်လျှင် အိမ်ပြန်ခွင့်ရချိန် NUG ထံက ထွက်ခွင့် မရသည့် အပေါ် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ PDF တစ်ဦးက နှိုင်းယှဉ်ကာ ၎င်း၏ လူမှုကွန်ယက် TikTok အကောင့် တွင် ဗွီဒီယိုဖိုင်တင်၍ ပြောကြားထားသည်ကို မြင်ရသည်။
ပြီးခဲ့သည့်ကာလများမှစတင်ကာ PDF များ အလင်းဝင်သည့်ဖြစ်စဉ်များရှိခဲ့ရာ အကြောင်းအရင်းများအနက် တစ်ချက်မှာ NUG လက်အောက်တွင် PDF အဖြစ် အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ရသော အချက်လည်း ပါဝင်သည်။
ထို့ပြင် တဖက်တွင် မလောက်မငှ စားသောက်ရခြင်း၊ မလျှော်ဩဇာကျင့်သုံးခြင်းတို့သည်လည်း PDF အဖွဲ့များ အတွင်း ရှိနေရာ ယင်းသည်လည်း PDF တို့ကို ၎င်းတို့ အဖွဲ့များအတွင်းက စွန့်ခွာ နေစေသည်။
ထိုပြင် ယခင်က PDF အဖွဲ့များ အနေဖြင့် တပ်ပြေးစာရင်းတို့ကို ကြေငြာခဲ့ဖူးသော်လည်း ယခု နောက်ပိုင်းတွင် ပမာဏ များပြားလာဖွယ် ရှိသောကြောင်း ယင်းသို့ ကြေငြာခြင်းမျိုး မတွေ့ရတော့ပေ။
“အခု လက်ရှိမှာ ကျွန်တော် ငှက်ဖျားဖြစ်နေပါတယ်။ ခေါင်းဆောင်တိုင်းဗျာ တာဝန်အသီးသီးကျနေတဲ့ ခရိုင် ခရိုင်တွေကို Gun တစ်လက်ဖိုးတို့ ဘာတို့ ပေးဖူးလား။ Gun တစ်လက်ဖိုး မပြောနဲ့ဗျာ ဆေးဖိုး ပေးဖူးလား။ အခု ဆေးဖိုးလည်း မရောက်ဘူး။ စားနပ်ရိက္ခာ။ စားနပ် ရိက္ခာ က ဆင် - ခွေးမျှော် သလို ဖြစ်နေတယ်။ စစ်တပ် က နှစ်နှစ်ပဲ တာဝန် ထမ်းဆောင်ခိုင်းတာ။ ခင်ဗျားတို့က စစ်တပ် ထက် ပိုဆိုးနေတယ်” ဟု ၎င်းက ဆိုသည်။
တပ်မတော်က ၂ နှစ်နှစ်သာ တာဝန်ထမ်းဆောင်ခိုင်းချိန် NUG က နှစ်နှစ်မက တာဝန်ထမ်းဆောာင်ခိုင်း နေကြောင်း ၄င်း က ဆိုသည်။
“နှစ်နှစ်ပြည့်တာတောင် ထွက်လို့မရဘူးလား” ဟု ၎င်းက မေးခွန်းထုတ် ပြောကြားသည်။
NUG ၏ လုပ်ရပ်များကြောင့် PDF ဖြစ်ပြီး နှစ်နှစ်မပြည့်မီတွင်ပင် တပ်မတော်ထံ အလင်းဝင်သူများ ရှိနေပြီ ဖြစ်ကြောင်း နှင့် အထောက်အပံ့တစုံတရာ မရခဲ့ကြောင်း ၎င်းက ဆိုသည်။
“နှစ်နှစ်ပြည့်လို့ တာဝန် မထမ်းဆောင်နိုင်ရင်တော့ ထွက်မှာပဲလေ။ ခင်ဗျားတို့က ဘာတွေ စိုးမိုးနေတာလဲ။ ခင်ဗျားတို့ စိုးမိုးလေ ခင်ဗျား တို့ ခေါင်းတွေကို ကျည်ဆံတွေ မှန်သွားလိမ့်မယ် ပြင်ထား” ဟုလည်း ၎င်းက ပြောထားကြောင်း တွေ့ရသည်။
