NP News

ဖားကန့်တွင် အသေးစားနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုပေးရန် အစီအစဉ်မရှိ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၇

ဖားကန့်တွင် အသေးစားတူးဖော်ထုတ်လုပ်မှုနဲ့ လက်လုပ်လက်စားတူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုပေးရန်အစီ အစဉ်မရှိကြောင်း နိုဝင်ဘာလ (၆) ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက လာရောက်ဖြေကြားစဉ် ထည့်သွင်းပြောကြားသည်။
လက်ရှိနယ်မြေအခြေအနေအရ KIA က ဖားကန့်တွင် ကျောက်စိမ်းကို အကြီးအကျယ် တူးဖော်ခွင့်ပြုထားပြီး အထိန်းအကွပ်မဲ့တူးဖော်ခြင်းများ ရှိနေခြင်းဖြစ်သည်။

ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ဖားကန့်ရှိ သယံဇာတများကို အကြီး စားနှင့်အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခွင့်ကို စည်းကမ်းနှင့်အညီခွင့်ပြုပေးရန် အစီအစဉ် ရှိမရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဖားကန့်တွင် နယ်မြေမတည်ငြိမ်ခြင်းနှင့် စောင့်ကြည့်ကြပ်မတ်မှုအားနည်းခြင်းတို့ကို အခွင့်ကောင်းယူကာ စက်ယန္တရားကြီးများကိုအသုံးပြု၍ တရားမဝင် အလွန်အကျွံတူးဖော်နေကြောင်း ဦးသက် ပိုင်ထူးက မေးမြန်းစဉ် ထည့်သွ င်းပြောကြားသည်။

“တရားမဝင်တူးဖော်မှုများကို ထိရောက် စွာတားဆီးနိုင်ဖို့နှင့် ဖားကန့်မြို့ကြီး စွန့်ပစ်မြေစာ ပုံအောက် မရောက်ရှိ ရေး၊ မိဘပြည်သူများ လူမှုစီးပွား ဘဝလုံခြုံရေးတို့အတွက် နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးက အခြေခံအကျဆုံး အရေးပေါ်လိုအပ်ချက်ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ရှိ ဒေသခံပြည်သူများစွာရဲ့ ကျီးလန့်စာစားပြီး နီးရာဓား ကိုကြောက်နေရတဲ့အခက်အခဲဆုံးအ‌ခြေအနေတွေကို နိုင်ငံတော်အကြီးအကဲတွေက အလေးအနက်ထား စဉ်းစားပြီး အမြန်ဆုံး တည်ငြိမ်အေးချမ်းလာစေဖို့ အရေးပေါ်စီမံချက်တွေ မဖြစ်မနေ ချမှတ်ဆောင်ရွက် ပေးဖို့ ပြည်သူ များအားလုံးကိုယ်စား ကြားခံတင်ပြအပ်ပါတယ်”ဟု ဦးသက်ပိုင်ထူးက ထည့်သွင်းပြောကြားသည်။
ထို့ကြောင့် ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းသံယံဇာတများကို လက်ရှိမျိုးဆက်အတွက်သာမက နောင်လာမည့် သားစဉ်မြေးဆက်အတွက်ပါ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ်ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ တရားဝင်အလုပ်အကိုင်နှင့် ဝင်ငွေရရှိရန်၊ တရားမဝင်တူး ဖော်ထုတ်လုပ်မှု များကို လျှော့ချတားဆီးနိုင်ရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများ စနစ်တကျရရှိစေရန်အတွက် အကြီး စားစက် ယန္တရားများအသုံးပြုသည့် တူးဖော်ထုတ်လုပ်မှုနှင့် အလတ်စားတူးဖော်ထုတ်လုပ်မှုတို့ကို ခွင့်မပြုဘဲ မြန်မာ ကျောက် မျက်ရတနာဥပဒေ(၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသေးစား တူးဖော်ထုတ်လုပ်ခြင်းနှင့် လက်လုပ် လက်စား တူးဖော်ထုတ်လုပ် ခြင်းတွေကိုသာခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
(၁၉၉၅) ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ လုံးခင်း-ဖားကန့် ရတနာနယ်မြေတွင် ခွင့်ပြုခဲ့သော အကျိုးတူလုပ်ကွက်ပေါင်း (၃၀၅)ကွက်နှင့် ပုဂ္ဂလိကလုပ်ကွက် (၇၃၄၃)ကွက်ကို (၂၀၁၆) ခုနှစ် ဧပြီလတွင် သက်တမ်း တိုးခြင်းမရှိတော့ဘဲ (၂၀၂၁)ခုနှစ် ဇွန်လတွင် လုပ်ကွက်အားလုံး လစ်လပ် လုပ်ကွက်များအဖြစ် စာရင်းသွင်း မှတ်တမ်း တင်ထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးကဖြေကြားစဉ် ထည့်သွင်းပြောကြားသည်။

“(၂၀၁၆)ခုနှစ် မြန်မာ့ကျောက်မျက်ရတ နာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေအရ လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ သက်တမ်း (၁) နှစ်ရှိတဲ့ (၁) ဧကအကျယ်အဝန်းရှိ လက်လုပ်လက်စား လုပ်ကွက် (၁၃၂)ကွက်ကို (၂၀၁၈)ခုနှစ်မှာ လုပ်ကိုင် ခွင့်ချထားပေးခဲ့ပေမယ့် နယ်မြေလုံခြုံရေးအခြေအနေအရ စီမံခန့်ခွဲလုပ်ဆောင်မှုများ ဆောင် ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် လက်လုပ်လက်စားများကိုလည်း ထပ်မံချထားပေးခြင်းမရှိခဲ့ပါ”ဟု ဒုတိယဝန် ကြီးကဆိုသည်။
ကျောက်စိမ်းကျောက်မျက်ရတနာများကို နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် သားစဉ်မြေးဆက် ရေရှည် အသုံးပြုနိုင်စေရန်အတွက်ရည်ရွယ်ပြီး တူးဖော်ထုတ်လုပ်မှုများကို ကန့်သတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဒုတိယ ဝန်ကြီးကပြောသည်။
“ဖားကန့်ရတနာနယ်မြေမှာ လက်ရှိအခြေအနေအရ နယ်မြေလုံခြုံရေး မတည်ငြိမ်မှုမရှိခြင်း၊ ဘူမိဗေဒဖြစ်စဉ် အရ အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းဖြစ်ပေါ်လာဖို့ နှစ်သန်းပေါင်းများစွာ အချိန်လိုအပ်ခြင်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာများကို နိုင်ငံတော်နဲ့နိုင်ငံသားများအတွက် သားစဉ် မြေးဆက်ရေရှည်အသုံးပြုနိုင်စေဖို့အတွက် ရည်ရွယ်ပြီး တူးဖော်ထုတ်လုပ်မှုများကို ကန့်သတ်ဆောင်ရွက် ထားခြင်းတို့ကြောင့် ဖားကန့်ရတနာနယ်မြေအတွင်း မှာ အသေးစားတူးဖော်ထုတ်လုပ်မှုနဲ့ လက်လုပ်လက် စားတူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုပေးရန်အစီအစဉ် မရှိပါကြောင်း ဖြေကြားအပ်ပါတယ်”ဟုပြောသည်။

မူရင်းသတင်း — NP News