Yangon Media Group

သဘာဝပဋိဇီဝဆေးလော သို့မဟုတ် သွေးယိုစီးမှုအန္တရာယ်လော - ကြက်သွန်ဖြူကြိုက်သူများ သိထားသင့်သည့်အချက်များ

#World_Health
Published 08 November 2026

■ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး သုတေသနတွေလည်း အများအပြားပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမဲ့ ပမာဏအများကြီး စားသုံးတာ၊ ဒါမှမဟုတ် ကြက်သွန်ဖြူအဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ ဖြည့်စွက်ဆေးတွေကို သောက်သုံးတာမျိုးဆိုရင် သွေးခဲခြင်းဖြစ်စဉ်ကိုထိခိုက်စေနိုင်ပြီး သွေးယိုစီးမှုအန္တရာယ်ရှိလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

■ ကြက်သွန်ဖြူကို အအေးမိတဲ့အခါ ဟင်းချိုထဲထည့်စားတာ၊ အသုပ်တွေထဲ ထည့်စားတာ၊ ပေါင်မုန့်ပေါ်မှာ သုတ်စားတာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။ တချို့ကလည်း ကျန်းမာရေးအတွက်ဆိုပြီး ကြက်သွန်ဖြူဆေးတောင့်တွေကို သီးသန့်ဝယ်သောက်ကြပါတယ်။

■ ကြက်သွန်ဖြူဟာ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နဲ့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျှော့ချရာမှာ အကျိုးရှိနိုင်ကြောင်းလေ့လာမှုတွေ ရှိထားပါတယ်။

■ ဒါပေမဲ့ သဘာဝအစားအစာဖြစ်တယ်ဆိုပြီး အကန့်အသတ်မရှိ စားသုံးလို့ရတယ်လို့တော့ မယူဆသင့်ပါဘူး။ သဘာဝပစ္စည်းတွေမှာလည်း ဆေးဝါးလို သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

■ ကြက်သွန်ဖြူက ဘာကြောင့် သွေးယိုစေနိုင်တာလဲ။

■ ကြက်သွန်ဖြူထဲမှာ Allicin လို့ခေါ်တဲ့ ဆာလဖာဓာတ်ပေါင်းတစ်မျိုးနဲ့ တခြားဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။

■ ဒီဓာတ်ပစ္စည်းတွေဟာ သွေးထဲမှာရှိတဲ့ Platelets လို့ခေါ်တဲ့ သွေးဥမွှားလေးတွေရဲ့ လုပ်ဆောင်မှုကို သက်ရောက်စေနိုင်ပါတယ်။

■ သွေးဥမွှားတွေဟာ ခန္ဓာကိုယ်မှာ ဒဏ်ရာရတဲ့အခါ သွေးခဲစေပြီး သွေးထွက်တာကို ရပ်တန့်ပေးတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။

■ ကြက်သွန်ဖြူကို အလွန်အကျွံစားသုံးတာ၊ အာနိသင်ပြင်းတဲ့ ဆေးတောင့်တွေ သောက်သုံးတာမျိုးဆိုရင် သွေးခဲဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

■ အထူးသဖြင့် သွေးကျဲဆေးတွေ သောက်နေသူတွေအတွက် ပိုပြီးသတိထားဖို့ လိုပါတယ်။

■ ကြက်သွန်ဖြူကို ဘယ်လောက်စားရင် အန္တရာယ်ရှိနိုင်လဲ။

■ ပုံမှန်ဟင်းချက်စားသုံးတဲ့ ကြက်သွန်ဖြူပမာဏကတော့ လူအများစုအတွက် ပြဿနာမရှိပါဘူး။

■ ဥပမာ -ဟင်းချက်တဲ့အခါ ကြက်သွန်ဖြူအနည်းငယ် ထည့်စားတာ။
အသုပ်ထဲ ထည့်စားတာ။

■ ဆော့စ်နဲ့ ဟင်းအနှစ်တွေထဲ ထည့်သုံးတာ။

■ ဒီလိုပုံမှန်စားသောက်မှုပုံစံတွေကြောင့် စိုးရိမ်စရာမရှိတတ်ပါဘူး။

■ ပြဿနာကတော့ နေ့တိုင်း ကြက်သွန်ဖြူအများကြီး စားသုံးတာ၊ အလွန်များတဲ့ပမာဏကို အစိမ်းစားတာ၊ ဒါမှမဟုတ် ကြက်သွန်ဖြူအနှစ်ကို စုစည်းထုတ်လုပ်ထားတဲ့ Supplement ဆေးတောင့်တွေကို သောက်သုံးတာမျိုးမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

■ ဘာကြောင့်လဲဆိုတော့ ဆေးတောင့်တစ်တောင့်ထဲမှာပါဝင်တဲ့ အာနိသင်ရှိဓာတ်ပစ္စည်းပမာဏဟာ ပုံမှန်ဟင်းတစ်ပွဲထဲမှာ ပါဝင်တဲ့ပမာဏထက်အများကြီးပိုများနိုင်လို့ပါ။

■ ဒီလူတွေ အထူးသတိထားသင့်တယ်

■ အောက်ပါအခြေအနေရှိသူတွေဟာ ကြက်သွန်ဖြူ Supplement သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

■ Warfarin နဲ့ တခြားသွေးကျဲဆေးတွေ သောက်နေသူများ။

■ Aspirin၊ Clopidogrel စတဲ့ သွေးခဲခြင်းကို တားဆီးပေးတဲ့ဆေးတွေ သောက်နေသူများ။

■ သွေးခဲစနစ်ဆိုင်ရာ ရောဂါရှိသူများ။

■ အသည်းရောဂါရှိသူများ။

■ သွေးယိုလွယ်တဲ့သူများ။

■ ခွဲစိတ်ကုသမှုခံယူဖို့ ပြင်ဆင်နေသူများ။

■ အထူးသဖြင့် ခွဲစိတ်ကုသမှုမခံယူခင်မှာ ကြက်သွန်ဖြူဆေးတောင့် သောက်နေတယ်ဆိုတာကို ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တွေကို မဖြစ်မနေ အသိပေးသင့်ပါတယ်။

■ လူနာတော်တော်များများဟာ ကြက်သွန်ဖြူ၊ ဂျင်း၊ Ginkgo နဲ့ Omega-3 ဆေးတောင့်တွေကို ဆေးဝါးလို့ မယူဆကြတဲ့အတွက် ဆရာဝန်ကို ပြောပြဖို့ မေ့နေတတ်ကြပါတယ်။

■ ဒါဟာ သတိထားရမယ့်အချက်တစ်ခုပါ။ သွေးခဲခြင်းကို သက်ရောက်စေနိုင်တဲ့ ဘယ်ပစ္စည်းမဆို ခွဲစိတ်ကုသမှုအတွက် အရေးကြီးပါတယ်။

■ ဒါဆိုကြက်သွန်ဖြူကို လုံးဝရှောင်သင့်သလား။

■ လူအများစုအတွက် ကြက်သွန်ဖြူဟာ အာဟာရမျှတတဲ့ Mediterranean Diet လို အစားအသောက်ပုံစံတွေမှာ ပါဝင်သင့်တဲ့ ကျန်းမာရေးအကျိုးပြု အစားအစာတစ်မျိုး ဖြစ်ပါတယ်။

■ အဓိကပြဿနာက ကြက်သွန်ဖြူကို ဟင်းချက်စားသုံးတာ မဟုတ်ပါဘူး။ နည်းနည်းစားရင် အကျိုးရှိတယ်ဆိုပြီး များများစားလေ ပိုကောင်းလေပဲလို့ ယူဆတာက ပြဿနာဖြစ်နိုင်ပါတယ်။
ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ပစ္စည်းတွေတောင် ပမာဏလွန်ကဲသွားရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

■ သွေးကျဲဆေးသောက်နေသူတွေနဲ့ ခွဲစိတ်ကုသမှုခံယူဖို့ ပြင်ဆင်နေသူတွေအနေနဲ့ ကြက်သွန်ဖြူ Supplement သောက်သုံးခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့ကို မေးမြန်းသင့်ပါတယ်။

■ တချို့အခြေအနေတွေမှာ ခွဲစိတ်မှုမတိုင်ခင် Supplement ကို ယာယီရပ်ထားဖို့ လိုနိုင်သလို တချို့မှာတော့ ဆေးဝါးတွေနဲ့ တွဲသောက်တာကို ရှောင်ဖို့ လိုနိုင်ပါတယ်။

■ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ သဘာဝအစားအစာတစ်မျိုးဖြစ်ပေမဲ့ ဆေးဝါးလို သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။

■ ပုံမှန်ဟင်းချက်စားသုံးတာက လူအများစုအတွက် စိုးရိမ်စရာမရှိပေမဲ့ အလွန်အကျွံစားသုံးတာ၊ အာနိသင်ပြင်းတဲ့ ကြက်သွန်ဖြူဆေးတောင့်တွေ သောက်သုံးတာမျိုးက သွေးခဲမှုကို ထိခိုက်စေနိုင်ပါတယ်။

■ အရေးကြီးဆုံးက သဘာဝပစ္စည်းဖြစ်တိုင်း အန္တရာယ်ကင်းတယ်လို့ မယူဆဖို့ပါပဲ။ ကျန်းမာရေးအတွက် အကျိုးရှိစေချင်ရင် သင့်တင့်မျှတတဲ့ ပမာဏနဲ့ မှန်ကန်တဲ့နည်းလမ်းအတိုင်း စားသုံးဖို့ လိုအပ်ပါတယ်။

Source- The Jerusalem Post

မူရင်းသတင်း — Yangon Media Group