Yangon Media Group

နှလုံးရပ်ပြီး ရုတ်တရက်လဲကျသွားသူကို တွေ့ရင်ချက်ချင်းဘာလုပ်ပေးရမလဲ

#World_Health
Published 08 November 2026

■ နှလုံးရပ်ခြင်း (Cardiac Arrest) ဟာ ဘယ်အချိန်မှာမဆို ရုတ်တရက်ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်တဲ့အခါ လူနာဟာရုတ်တရက်လဲကျသွားနိုင်သလို သတိလစ်သွားပြီး ပုံမှန်အသက်ရှူတာလည်း ရပ်သွားနိုင်ပါတယ်။

■ နှလုံးကသွေးကိုပုံမှန်အတိုင်း မညှစ်ထုတ်နိုင်တော့တဲ့အတွက် ဦးနှောက်နဲ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အောက်ဆီဂျင်ပါတဲ့ သွေး မရောက်ရှိတော့တာ ဖြစ်ပါတယ်။

■ ဒီလိုအခြေအနေမျိုးမှာ အချိန်မီသိရှိပြီး ချက်ချင်းကူညီပေးနိုင်ရင် လူနာရဲ့အသက်ရှင်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

■ မွမ်ဘိုင်းမြို့ Parel ရှိ Gleneagles ဆေးရုံမှ နှလုံးအထူးကုဆရာဝန် ဒေါက်တာ Punya Pratap Kujur ကတော့ နှလုံးရပ်နေတယ်လို့ သံသယရှိရင်အချိန်မဆွဲဘဲချက်ချင်းအရေးယူဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

■ ■ ၁။ လူနာ သတိရှိ၊ မရှိနဲ့ ပုံမှန်အသက်ရှူ၊ မရှူ စစ်ဆေးပါ။ပထမဆုံးလူနာကိုခေါ်ကြည့်ပါ။ ပခုံးကို ညင်သာစွာ တို့ပြီး တုံ့ပြန်မှုရှိ၊ မရှိ စစ်ဆေးပါ။လူနာက ဘာတုံ့ပြန်မှုမှမရှိဘူး။
ပုံမှန်အသက်မရှူတော့ဘူး။ဒါမှမဟုတ် အသက်ရှူသလိုလိုနဲ့ တစ်ချက်တစ်ချက် လေငင်နေတယ်။ဒီလိုဖြစ်နေတယ်ဆိုရင် နှလုံးရပ်နေတယ်လို့ ယူဆပြီးချက်ချင်းအကူအညီပေးရပါမယ်။
သတိပြုရမှာက တစ်ချက်တစ်ချက် လေငင်ရှူနေတာကို ပုံမှန်အသက်ရှူနေတယ်လို့ မထင်ပါနဲ့။

■ ■ ၂။ အရေးပေါ်အကူအညီခေါ်ပြီး CPR ချက်ချင်းလုပ်ပါ။
လူနာ သတိလစ်နေပြီး ပုံမှန်အသက်မရှူဘူးဆိုရင် ဘာကြောင့်ဖြစ်တာလဲဆိုတာ အချိန်အကြာကြီး စဉ်းစားမနေပါနဲ့။ သူ့ဘာသာ ပြန်ကောင်းလာမလားဆိုပြီးလည်း မစောင့်ပါနဲ့။
အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်းခေါ်ပါ။
အနီးအနားမှာ လူတစ်ယောက်ယောက်ရှိရင် အရေးပေါ်အကူအညီ ခေါ်ခိုင်းပါ။
ကိုယ်တိုင်ကတော့ CPR (နှလုံးနှင့် အသက်ရှူပြန်လည်ကူညီခြင်း) ကို စတင်လုပ်ဆောင်ပါ။

■ ရင်ဘတ်ဖိနှိပ်နည်း (Chest Compressions)

■ လူနာကို မာကျောပြီး ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ပက်လက်အနေအထား ထားပါ။

■ လက်ဖဝါးနှစ်ဖက်ကို ထပ်တင်ပြီး ရင်ဘတ်အလယ်တည့်တည့်မှာ ထားပါ။

■ တစ်မိနစ်ကို အကြိမ် ၁၀၀ မှ ၁၂၀ နှုန်းနဲ့ ဖိနှိပ်ပေးပါ။

■ ဖိပြီးတိုင်း ရင်ဘတ်ကို မူလအနေအထားအတိုင်း ပြန်ကြွလာခွင့်ပေးပါ။

■ လူနာ ပုံမှန်အသက်ပြန်ရှူလာတဲ့အထိ၊ ဆေးဘက်ဆိုင်ရာအဖွဲ့က လွှဲပြောင်းတာဝန်ယူတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင် ဆက်မလုပ်နိုင်တော့တဲ့အထိ CPR ကို ဆက်လုပ်ပေးပါ။

■ ဆေးအဖွဲ့ရောက်လာတဲ့အထိ စောင့်ပြီးမှ CPR လုပ်မယ်ဆိုပြီး အချိန်မဆွဲပါနဲ့။

■ ■ ၄။ ဘာကြောင့်အချိန်မီကူညီဖို့အရေးကြီးတာလဲ။

■ နှလုံးရပ်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။

■ CPR မလုပ်ဘဲ အချိန်ကြာကြာထားလေလေ လူနာရဲ့ အသက်ရှင်နိုင်ခြေ လျော့နည်းလာနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်နဲ့ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ အောက်ဆီဂျင်မရရှိဘဲ ကြာကြာနေရင် ထိခိုက်ပျက်စီးနိုင်ပါတယ်။

■ ဒေါက်တာ Kujur ကလည်း အရေးအကြီးဆုံးအချက်ကတော့ ထိတ်လန့်မနေဖို့၊ လူနာ သူ့ဘာသာပြန်ကောင်းလာမလားဆိုပြီး မစောင့်ဖို့နဲ့ အရေးပေါ်အကူအညီခေါ်ပြီး ရင်ဘတ်ဖိနှိပ်မှုကို ချက်ချင်းစတင်ဖို့ပဲ ဖြစ်တယ်လို့အလေးပေးပြောကြားထားပါတယ်။

■ နှလုံးရပ်ပြီး လူတစ်ယောက် ရုတ်တရက် လဲကျသွားတဲ့အခါ ကိုယ်တိုင် ဆေးပညာရှင်မဟုတ်ရင်တောင် အရေးပေါ်အခြေအနေကို သိရှိပြီး အချိန်မီ CPR လုပ်ပေးနိုင်ခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။

Source-The Indian Express

မူရင်းသတင်း — Yangon Media Group