NP News

ဘားအံစက်မှုဇုန်မှ ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၈

ဘားအံစက်မှုဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တိုးချဲ့ဖြန့်ဖြူး ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန် အစည်းအဝေးခန်းမ၌ ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) က စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘားအံစက်မှုဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်များကို လက်ရှိတွင် ပြည်တွင်းဈေးကွက် နေရာဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ ပြည်ပဈေးကွက်သို့ပါ တိုးချဲ့တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
စက်မှုစီးပွားဂရန် ချထားရန်ကျန်ရှိသည့်မြေကွက်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် တည်ထောင်ပြီးဖြစ်သည့် စက်မှုဇုန်များ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့အကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ အခက်အခဲများကို ပွင့်လင်းစွာတင်ပြကြရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News