
စော (NP News) - နိုဝင်ဘာ ၈
ကရင်ဒုံးအကကို UNESCO တင်သွင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့ (နိုဝင်ဘာ ၇ ရက်)က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဘားအံဌာနခွဲဝန်ထမ်းများနှင့် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘားအံရုံးခွဲဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံမှာ အလွန်အရေးကြီးသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်မပျောက်ပျက်အောင် ဆောင်ရွက်ရန် ဝန်ကြီးဌာနမှာ တာဝန်အများကြီးရှိပါ ပြီး ယင်းဝန်ကြီးဌာနတစ်ခုတည်း လုပ်ဆောင်၍မရဘဲ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သည် အရေးကြီးသည့်ကဏ္ဍဖြစ်ပြီး UNESCO ၏ အဓိပ္ပါယ်မှာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်စေသည့်သဘောဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
UNESCO က မြန်မာသနပ်ခါးကို အသိအမှတ်ပြုပြီးဖြစ်ပြီး ဆက်လက်၍ ကြိုးကြီးချိတ်ကို တင်သွားမှာဖြစ်ပြီး UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ပြီးပါက ပစ္စည်းများပိုပြီး တန်ဖိုးရှိမှာဖြစ်ကြောင်း၊ ယဉ်ကျေးမှုက ဆောင်ရွက်ပြီး ဟိုတယ်ခရီးက ပြသနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတွင် အမွေအနှစ် အများကြီးရှိကြောင်း၊ တိုင်းရင်းသားဝန်ကြီး ဦးသန်းမောင်က ဒုသမ္မတနှင့် ဆွေးနွေးပွဲတွင် ကရင်ဒုံးအကကို UNESCO သို့တင်သွင်းရန် ကြိုးစားသင့်ကြောင်းကို ဆွေးနွေးတင်ပြခဲ့၍ ဝန်ကြီးဌာနအနေဖြင့် လက်ဖက်ကို UNESCO သို့တင်သွင်းမှာဖြစ်ကြောင်း၊ ထပ်မံ၍ ကရင်ဒုံးအကကို ဆောင်ရွက်မှာဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အများအပြားရှိပြီး ထိုယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းရမှာ ဖြစ်ကြောင်း၊ ပုဂံတွင် UNESCO က အသိအမှတ်ပြုထားသည့်နေရာရှိကြောင်း၊ ယင်းအသိအမှတ်ပြုထားသော နေရာများရှိ ဟိုတယ်များအနေဖြင့် ထပ်မံတိုးချဲ့ဆောက်လုပ်၍ မရကြောင်း၊ နှစ်အကန့်အသတ်နှင့်ခွင့်ပြုချက်ပေးထားပြီး ထပ်မံ ပြင်ဆင်လိုပါက UNESCO ခွင့်ပြုချက်ရမှသာ ပြင်ဆင်ခွင့်ရကြောင်းထည့်သွင်းပြောကြားခဲ့သည်။

