
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၈
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့် မေးခွန်းပုံစံများ ပြောင်းလဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ပညာရေးဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများကို တွေ့ဆုံစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့အဝေးသင်စနစ်သင်ကြားရေး ပြောင်းလဲဆောင်ရွက်ရာတွင် ဝိဇ္ဇာဘာသာရပ်များအတွက် Assignment ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ပထမအကြိမ်ကို သတ်မှတ်ကာလအတွင်း ပုံမှန်တင်သွင်းရမည်ဖြစ်ပြီး ဒုတိယအကြိမ်ကို ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ အတန်းတက်ရောက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရန် အလုပ်ရုံဆွေးနွေးပွဲ (Workshop) များ ပြုလုပ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း သိရသည်။