
■ နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်နိုင်ရေး ကြိုးပမ်း
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo – CIIE) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အများအပြား ပါဝင်ပြသလျက်ရှိပြီး အချို့လုပ်ငန်းရှင်များမှာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီစဉ်ပံ့ပိုးမှုဖြင့် လာရောက်ပြသကြခြင်းဖြစ်သည်။
ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာလုပ်ငန်းရှင်များသည် ၎င်းတို့၏ ထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ မိတ်ဆက်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေကြသကဲ့သို့ နိုင်ငံတကာ၏ ထုတ်လုပ်မှုနည်းပညာ၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ဖော်ဆောင်ရေး နည်းလမ်းများကိုလည်း လေ့လာလျက်ရှိကြသည်။
Healthy and Happy Product ကုမ္ပဏီ၏ CEO မမေနှင်းဝေက ၎င်းတို့အနေဖြင့် ရှန်ဟိုင်း CIIE ပြပွဲသို့ ပထမဆုံးအကြိမ် လာရောက်ပြသခြင်းဖြစ်သော်လည်း ယခင်က နန်နင်းမြို့ရှိ ကုန်စည်ပြပွဲများတွင် ပါဝင်ခဲ့ရာမှ တရုတ်ဈေးကွက်၏ ဝယ်လိုအားနှင့် ပို့ကုန်အခွင့်အလမ်းများ ရရှိခဲ့ကြောင်း ပြောသည်။
“နိုင်ငံတကာပြပွဲတွေ သွားပြတဲ့အခါ Packaging တွေ ဘယ်လိုပြောင်းလဲနေပြီလဲ၊ Technology တွေ ဘယ်လိုတိုးတက်နေပြီလဲဆိုတာ လေ့လာနိုင်တယ်။ ပြန်လာတဲ့အခါ ကိုယ့်ထုတ်ကုန်နဲ့ စက်ရုံကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ စဉ်းစားနိုင်ပါတယ်” ဟု မမေနှင်းဝေက ပြောသည်။
တရုတ်ဈေးကွက်သို့ စားသောက်ကုန်တင်ပို့ရာတွင် ထုတ်ကုန်အလိုက် လိုအပ်သည့် GACC အသိအမှတ်ပြုလက်မှတ်နှင့် တရုတ်ဘာသာဖြင့် ဖော်ပြရမည့် ထုတ်ကုန်တံဆိပ်အချက်အလက်များ ပြင်ဆင်ရခြင်းတို့မှာ လုပ်ငန်းရှင်များအတွက် အရေးကြီးသည့် လိုအပ်ချက်များဖြစ်ကြောင်းလည်း သိရသည်။
Myanmar Tea Leaf Co., Ltd. ၏ တည်ထောင်သူနှင့် မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးဝင်းအောင်က CIIE ပြပွဲသည် မြန်မာ့ထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ မိတ်ဆက်နိုင်သည့်အပြင် အခြားနိုင်ငံများမှ လုပ်ငန်းရှင်များနှင့်ပါ စီးပွားရေးအဆက်အသွယ်များ ရရှိနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောသည်။
“ဒီ CIIE က Networking လုပ်တာလည်း ဖြစ်တယ်။ တရုတ်ကို လာရောင်းရင်းနဲ့ တခြားနိုင်ငံတွေနဲ့လည်း တွေ့နိုင်တယ်။ Business Contact တွေရပြီး တခြားနိုင်ငံတွေကိုလည်း Business Forward လုပ်လို့ရတယ်” ဟု ဦးမျိုးဝင်းအောင်က ပြောသည်။
ထို့ပြင် မြန်မာ့လက်ဖက်၏ ရိုးရာစားသုံးမှုယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို နိုင်ငံတကာလုပ်ငန်းရှင်များအား မိတ်ဆက်ပေးနိုင်ခြင်းသည် ပြပွဲမှတစ်ဆင့် ရရှိသည့် အကျိုးကျေးဇူးတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Zawgyi Premier ကုမ္ပဏီလီမိတက်၏ Senior Supply Chain Manager ဒေါ်သ ဉ္ဇာစိုးက ၎င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တောင်သူ ၂,၀၀၀ ကျော်ထံမှ ထန်းလျက်ကုန်ကြမ်းများကို ပေးသွင်းသူများမှတစ်ဆင့် ဝယ်ယူရယူနေပြီး တရုတ်ဈေးကွက်ကို ဈေးကွက်အသစ်တစ်ခုအဖြစ် ရည်ရွယ်ကာ ပြပွဲတွင် ပါဝင်ပြသခြင်းဖြစ်ကြောင်း ပြောသည်။
“နိုင်ငံတကာပြပွဲတွေမှာ နိုင်ငံပေါင်းစုံက လာကြတဲ့အတွက် Product မျိုးစုံကို မြင်တွေ့ရတယ်။ သူတို့ရဲ့ Marketing Campaign တွေ၊ Branding လုပ်ထားပုံတွေနဲ့ Value Added လုပ်ထားတာတွေကို လေ့လာနိုင်တယ်။ ကျွန်မတို့နိုင်ငံမှာလည်း ကုန်ကြမ်းတွေ အများကြီးရှိတဲ့အတွက် Value Added လုပ်နိုင်မယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် အများကြီး တိုးတက်နိုင်စရာရှိပါတယ်” ဟု ဒေါ်သ ဉ္ဇာစိုးက ပြောသည်။
၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် CIIE သည် ယခုနှစ်တွင် ကိုးကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။