


ဖလမ်း၊ နိုဝင်ဘာ ၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၇) ရက် မနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ဌာနပေါင်းစုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ဗလိုင်ရပ်ကွက်အတွင်း နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်မှုအခြေအနေအား လှည့်လည်ကြည့်ရှုသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဗလိုင်ရပ်ကွက် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းလမ်းတစ်လျှောက်တွင် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံ စုပေါင်းသန့်ရှင်းရေးအဖွဲ့မှ ကျောင်းလမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ လမ်းဘေးရှိ မလိုအပ်သည့်အပင်များအား အလင်းဖွင့် ခုတ်ထွင်နေမှု၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စုပေါင်းလုပ်အားပေးအဖွဲ့များအား မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းမှာ ပုံမှန်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ ဌာနများအလိုက် မိမိတို့ပတ်ဝန်းကျင်သာယာလှပရေးအား အားစိုက်ဆောင်ရွက်ရန်၊ ယနေ့ဆောင်ရွက်သည့် သန့်ရှင်းလုပ်ငန်းသည် ဒေသခံ ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်အသုံးပြုသည့် လမ်းဖြစ်သည့်အတွက် ကျေနပ်ဝမ်းမြောက်ပီတိဖြစ်ရကြောင်း အားပေးစကားပြောကြားသည်။
ယနေ့ဆောင်ရွက်သည့် ဌာနပေါင်းစုံ စုပေါင်းသန့်ရှင်းရေးတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ စုစုပေါင်းအင်အား (၂၅၅) ဦးပါဝင်ကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဗလိုင်ရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှုကာ နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နေမှု၊ ရပ်ကွက်အတွင်း ဥယျာဉ်ခြံစိုက်ပျိုးမှု၊ ရေရရှိမှုအခြေအနေများကို စစ်ဆေးပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး စီမံထားရှိရန်မှာကြားကြောင်း သိရသည်။
#News #Myanmar
