
ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲ(၂၀၂၆)သို့ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့(နိုဝင်ဘာ ၈ ရက်) သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)တွင် မြန်မာ့ရိုးရာများကို မျိုးဆက်သစ် လူငယ်များထံသို့ လက်ဆင့်ကမ်းပေးလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိသည့် “မြန်မာ့ရိုးရာပွဲဈေး” သို့ သွားရောက်ကြည့်ရှု အားပေးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သွားရောက်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များအား မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust-MCHT) တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ဖျော်ဖြေပွဲခန်းမသို့ရောက်ရှိကြပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဖော်ညွှန်း၍ သီဆိုကပြဖျော်ဖြေလျက်ရှိသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာအကအလှများ၊ တေးသရုပ်ဖော်အကများ၊ မြန်မာ့ရိုးရာ ရုပ်သေးကြိုးဆွဲအက၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းသည့်အက အလှများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခြင်း၊ ပွဲဈေးအတွင်း ခင်းကျင်းထားသည့် မြန်မာ့ရိုးရာအစားအစာ ပြခန်းများ၊ ရိုးရာ အဝတ်အထည် ပြခန်းများ၊ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးမှ ထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်း ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုအားပေးခြင်းနှင့် ပြခန်းအလိုက် တာဝန်ခံများ၏ ရှင်းလင်းမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ “မြန်မာ့ရိုးရာပွဲဈေး” ကို ရိုးရာအမွေအနှစ်တစ်ခု မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်း ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)တွင် ယခုလ ၅ ရက်မှ ယနေ့အထိကျင်းပခြင်းဖြစ်ပြီး ပွဲတော်ရက်အတွင်း မြန်မာ့ရိုးရာအစား အစာများ၊မြန်မာ့ရိုးရာအဝတ်အထည်များ၊ မြန်မာ့စားဖွယ်ပြုလုပ်နည်း သရုပ်ပြပွဲများ၊ စကားဝိုင်းများ၊ မြန်မာ့ရိုးရာဇာတ်သဘင်နှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲများ၊ တိုင်းရင်းသားအကပဒေသာများ စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလျက်ရှိ၍ ပွဲဈေးအတွင်း မြန်မာ့ရိုးရာ အစားအစာ ပြခန်းများ၊ ရိုးရာအဝတ်အထည်ပြခန်းများ၊ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးမှ ထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်း ပြခန်းများ စသည်ဖြင့် စုစုပေါင်း ပြခန်း ၁၅၅ ခန်းခင်းကျင်းပြသခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်သာယာ Shopping Centre ၌ မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာနိုင်ငံသစ်အခြေခံပရိဘော ဂလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော်သမ္မတသည် ပြပွဲအတွင်းခင်းကျင်းပြသထားရှိသည့် ပရိဘောဂများအား ပြကွက် တစ်ခုချင်းစီအလိုက်လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှကြီးမှူး ကျင်းပလျက်ရှိသည့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) ကို မြန်မာ့ပရိဘောဂလက်ရာများအား ထိန်းသိမ်းရန်၊ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နိုင်ရန်နှင့် ဈေးကွက်ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ ယခု ၄ ရက်မှ ယနေ့အထိ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းကုမ္ပဏီ ၉ ခု၊ ပြည်ပကုမ္ပဏီ ၁ ခု၊ စုစု ပေါင်း ၁၀ ခုတို့မှ ပြကွက်ပေါင်း ၂၆ ခုဖြင့် ခင်းကျင်းပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။