
သားပု (NP News) - နိုဝင်ဘာ ၈
ပုသိမ်မြို့နယ် တွန်ပလွန်ကျေးရွာ ဧရာပုသိမ်ကုမ္ပဏီပိုင်လယ်ကွက်အတွင်း ပဲပုပ်စိုက်ပျိုးပြသခြင်းနှင့်တောင်သူများ အား ပဲပုပ်မျိုးစေ့အပ်နှံခြင်းအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၈) ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင် ကျင်းပခဲ့ရာ စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူမှ ပုသိမ်မြို့တွင် ဆီထွက်ပဲပုပ်ဧက (၈,၈၅၂) စိုက်ပျိုးသွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းတစ်တိုင်းလုံးတွင် ဧက ၂၆,၀၀၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"မနှစ်ကဆို တစ်မြို့လုံးမှ ၁၁ဧကပဲစိုက်ကြပါတယ်။ဒီနှစ်ကတော့ သိတဲ့တောင်သူတွေ ရှိလာတယ်။ ဒီနှစ်ဆို ၈,၈၅၂ ဧကပေါ့။ သူက အထွက်နှုန်းလဲကိုက်တယ်။ တစ်ဧကကို တင်း ၂ဝ ၊ ၂၂ တင်း မြေဆီကောင်းသလောက် ထွက်တယ်။ စျေးကျတော့ တစ်တင်းကို နှစ်သိန်းပတ်ဝန်းကျင်ပေါ့။ စျေးကွက်လဲရှိတော့ စိုက်လာကြတယ်။ တစ်ချို့ တောင်သူ တွေကတော့ မသိသေးတော့ မဝံ့မရဲလေးတွေတော့ရှိနေသေးတာပေါ့" ဟု ပုသိမ်မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးမျိုးမင်းလွင်ဦးက NP News သို့ပြောသည်။
ဧရာဝတီတိုင်းတွင် စားသုံးဆီဖူလုံမှုနှုန်းသည် (၂၄)ရာခိုင်နှုန်းသာ ရှိသောကြောင့် တိုင်းတွင်းဆီဖူလုံမှုရှိရေး ဧရာပုသိမ် ကုမ္ပဏီမှလဲ ဆီထွက်ပဲပုပ်စိုက်ပျိုးခြင်းနှင့်မျိုးစေ့ ထုတ်လုပ်မှုအဆင့်ထိ လုပ်ဆောင်သွားမည်ဟု သိရသည်။
"ဝန်ကြီးချုပ်ကြီး လမ်းညွှန်ချက်ပေါ့နော်။ တစ်နိင်ငံလုံး မဟုတ်တောင် ကိုယ့်တိုင်းအတွက် လုံလောက်အောင်ဆိုပြီး စိုက်တာပေါ့။ သူက ဘာမှပစ်စရာမရှိဘူး။ ဆီကျိတ်ဖတ်ဆိုလဲ မွေးမြူရေးသမားတွေအတွက် အဆင်ပြေတယ်။ ဆီကျတော့လဲ ပထမတန်းစားလောက်မှာရှိတယ်လေ။ အခုဆိုကျွန်တော်က ကန်ထရိုက် farming ပါလုပ်နေတဲ့ အတွက် စိုက်ချင်တဲ့တောင်သူတွေရှိရင် စိုက်ပေးမယ်။ ထွက်လာတဲ့ ပဲပုပ်စေ့ကိုလဲ ပြန်ဝယ်ပေးမယ်။ တောင်သူက သူ့လယ်ကိုစောင့်ကြည့်ပေးရုံပဲလေ" ဟု ဧရာပုသိမ်ကုမ္ပဏီဒါရိုက်တာဦးဝင်းမြင့်လှိုင်က NP News သို့ပြောသည်။
လက်ရှိ ဆီထွက်ပဲပုပ်မျိုးစေ့များကို ရှမ်းပြည်နယ်မှ မှာယူနေရပြီးနောက်ပိုင်းတွင် မျိုးစေ့ထုတ်လုပ်နိုင်သည့် အဆင့်ထိ လုပ်ဆောင်သွားမည်ဟု သိရသည်။
