NP News

တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ

သန့်မင်းအိမ် (NP News) - နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ ငါးမျိုးတင်ပို့မှုအတွက် စုစုပေါင်း ကုန်တန်ချိန် ၁၂,၂၆၇ ဒသမ ၃၆၈ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဝင်ငွေတွင် ပုဇွန်မွေးမြူရေးလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၀၀၃ သန်းဖြင့် အများဆုံးရရှိခဲ့ပြီး ငါးမွေးမြူရေးလုပ်ငန်းမှ ၂ ဒသမ ၀၃၂ သန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ၁ ဒသမ ၆၈၉ သန်း၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၄၂၄ သန်းနှင့် ရေမှော်မွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၀၄၅ သန်း ရရှိခဲ့​ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရေလုပ်ငန်းလုပ်ကိုင်သူ ၈၉ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် ကုန်ကြမ်းတင်ပို့မှုအစား ကုန်ချောထုတ်လုပ်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငါးနှင့်ပုဇွန်အရှင်များကို လေကြောင်းမှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်ပါကလည်း နိုင်ငံခြားဝင်ငွေ သိသိသာသာတိုးတက်လာနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားခဲ့​ကြောင်း သိရသည်။

ထို့ပြင် မြိတ်လေဆိပ်ကို တိုးချဲ့တည်ဆောက်လျက်ရှိခြင်းသည် ငါး နှင့် ပုဇွန်အရှင်များ ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ရေလုပ်သားများနှင့် လုပ်ငန်းရှင်များ၏ ဝင်ငွေတိုးတက်လာစေရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းဝေးနှင့်ကမ်းနီးပင်လယ်ပြင်များမှ ရေထွက်ကုန်များကို ဖမ်းဆီးရရှိသည့်အပြင် ငါး၊ ပုဇွန်နှင့် ပြည်ပဈေးကွက်ဝင် ရေထွက်ပစ္စည်းများကိုလည်း နှစ်စဉ်မွေးမြူထုတ်လုပ်လျက်ရှိ​ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်တွင်လည်း ပြည်ပတင်ပို့ရန် ပုဇွန်မွေးမြူထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်ကျွန်းစုသည် ရေချို၊ ရေငန် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်ဒေသဖြစ်ပြီး ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် နိုင်ငံခြားဝင်ငွေရရှိရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အထောက်အကူပြုလျက်ရှိသည်။
ထို့ကြောင့် ရေထွက်ကုန်မွေးမြူရေးနှင့် ဖမ်းဆီးရေးကဏ္ဍများတွင် မဟာဗျူဟာမြောက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း၊ ပြည်ပဈေးကွက်သို့တိုက်ရိုက်တင်ပို့နိုင်မည့် ပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် ရေထွက်ကုန်ဈေးကွက်ချဲ့ထွင်ရေးနှင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News