NP News

ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း

ပုလဲ (NP News) - နိုဝင်ဘာ ၉

ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) က မွန်ပြည်နယ်အတွင်းရှိ ကျောက်တန်းစက်မှုဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် M RUBBER ကုမ္ပဏီလီမိတက်၏ ခရမ့်ရော်ဘာအဆင့်မြင့်စက်ရုံသို့ ရောက်ရှိကြပြီး ဒုတိယသမ္မတက ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စက်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စက်ရုံမှထွက်ရှိလာသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရော်ဘာကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ရော်ဘာစိုက်ပျိုးသည့် ဒေသခံတောင်သူနှင့် လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းစက်မှုဇုန်ကို စက်မှုနယ်မြေအဖြစ် ၂၀၁၆ ခုနှစ် မတ် (၂၇) ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၂၅၄ ဒသမ ၃ ဧကရှိ၍ ပုဂ္ဂလိကစက်မှုလုပ်ငန်း (အကြီးစား၊ အလတ်စား၊ အငယ်စား) အရေအတွက် စုစုပေါင်း (၂၅)ခု ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News