၁၀.၁၁.၂၀၂၆
Translated by Htwe Ko Tun
တူရကီနိုင်ငံအနောက်ပိုင်း၊ အစ္စမားရ်ပြည်နယ်၊ အလီအာဂါဆိပ်ကမ်းမြို့ရှိ HABAS သံမဏိစက်ရုံတွင် နိုဝင်ဘာလ ၉ ရက် ဒေသစံတော်ချိန် မွန်းတည့်အချိန်ခန့် (ဂရင်းနစ်စံတော်ချိန် ၀၉း၀၀ နာရီ) က ပေါက်ကွဲမှုတစ်ခုကြောင့် မီးလောင်မှုပါဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၁၆ ဦး အသက်ဆုံးရှုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သမ္မတ ရီဆက် တေရစ် အာဒိုဂန်က အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု အပြီးတွင် နိုဝင်ဘာလ ၉ ရက် ညနေခင်းက ပြောကြားခဲ့သည်။
သမ္မတ အာဒိုဂန် ကဒဏ်ရာရရှိသူ ၁၃ ဦးအနက် နှစ်ဦးမှာ ပြင်းထန်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သူများကို ရှာဖွေနေကြသောကြောင့် အစ္စမားရ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူလေမန် အယ်လ်ဘန်ကဲ့သို့သော အရာရှိများက သတင်းထောက်များအား အစောပိုင်းကပေးခဲ့သော သေဆုံးဒဏ်ရာရရှိသူ အရေအတွက်မှာ လျော့ကျနေကြောင်း သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အဆိုအရ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စက်ရုံမှာ ကုန်ထုတ်လုပ်မှုမြင့်မားစွာ ပြုနေသော အချိန်မဟုတ်ဘဲ အလုပ်ချိန်ပြောင်းလဲမှုတွင် ရောက်ရှိနေခဲ့ကြောင်း သိရသည်။ အလုပ်သမား ၃၀၀ ခန့် စက်ရုံအတွင်းရှိမည်ဟု မျှော်လင့်ထားသော်လည်း ၂၀၀ ခန့်သာ ရှိခဲ့သည်။
အုပ်ချုပ်ရေးမှူးရုံးမှ အစောပိုင်းထုတ်ပြန်ချက်တွင် ပေါက်ကွဲမှုသည် သံမဏိအရည်များကို သွန်းလောင်းနေစဉ် မီးဖိုထဲသို့ ဝန်ချီစက်တစ်ခု ပြုတ်ကျခဲ့ရာမှ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ အာဏာပိုင်များက ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ကြေညာချက်ကဆိုသည်။
အစ္စမားရ် မြို့တော်ဝန် စီမီးလ် တူဂေးက ပေါက်ကွဲမှုအပြီး ကနဦးမီးကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း အပျက်အစီးများကို ရှင်းလင်းပြီးမှသာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို သိရှိနိုင်မည်ဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး မတ်စတာဖါ ဆစ်ဖ်စီ (Mustafa Ciftci) က ဖြစ်ရပ်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပြီး ၎င်းတို့၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
တရားရေးဝန်ကြီး အကင် ဂါလက် ကလည်း အစိုးရရှေ့နေလေးဦးကို အမှုတွင် တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်အရ HABAS စက်ရုံကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တစ်နှစ်လျှင် သံမဏိတန်ချိန် ၄ ဒသမ ၅ သန်း ထုတ်လုပ်နိုင်သည်။
တူရကီ၏ လက်ဝဲဝါဒီအတိုက်အခံပါတီ TIP က ပေါက်ကွဲမှုသည် နိုင်ငံတွင် အလုပ်ခွင်ကျန်းမာရေးနှင့် ဘေးကင်းရေးကို လုံးဝလျစ်လျူရှုထားပုံကို ထပ်မံပေါ်လွင်စေသည်ဟု အစိုးရကို ဝေဖန်ခဲ့သည်။
၎င်းတို့က ဖြစ်ရပ်ကို “အလုပ်ခွင်လူသတ်မှု” အဖြစ် ဖော်ပြခဲ့သည်။
အွန်လိုင်းပို့စ်တစ်ခုတွင် TIP ခေါင်းဆောင် အာကန်ဘတ်စ် က “အလုပ်ရှင်တွေရဲ့ အစိုးရက အလုပ်သမားတွေအပေါ် စစ်ကြေညာတာပဲ” ဟု ပြောကြားခဲ့သည်။
သမဂ္ဂခေါင်းဆောင် ဘာဆာရန် အက်ဆူးက “ဒီလူသတ်ပွဲကြောင့် အလုပ်သမားဝန်ကြီးကို ရာထူးမှ နုတ်ထွက်ဖို့ တောင်းဆိုတယ်” ဟု ပြောကြားခဲ့သည်။ “အလုပ်သမားများ၏သွေး” ကို အကျိုးအမြတ်အတွက် သွန်းလောင်းနေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။
တူရကီနိုင်ငံရှိ လွတ်လပ်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အလုပ်သမားကျန်းမာရေးနှင့် ဘေးကင်းရေး စောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ ယခုနှစ် စက်တင်ဘာလတွင် နိုင်ငံတစ်ဝန်း အလုပ်ခွင်သေဆုံးမှု ၂၂၆ ခု ရှိခဲ့သည်။ ၎င်းက ၂၀၂၅ ခုနှစ်တွင် နိုင်ငံလူဦးရေ စုစုပေါင်း အလွန်ဆင်တူသော ဂျာမနီနိုင်ငံ၌ တစ်နှစ်ပတ်လုံး မှတ်တမ်းတင်ခဲ့သော စုစုပေါင်း၏ သုံးပုံနှစ်ပုံ ခန့်ထိရှိသည်။
Ref: AFP