Myanmar Digital News

နိုင်ငံ့စက်မှုစီးပွားကဏ္ဍ အရှိန်မြှင့်တင်နိုင်ရေးအတွက် ဘွိုင်လာသင်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဘွိုင်လာ စစ်ဆေးရေးဌာနတွင် ဘွိုင်လာသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးအတွက် အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများအား ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဆောင်ရွက်သွားရန်ရှိပြီး အိန္ဒိယသမ္မတနိုင်ငံ၏ Quick Impact Project – QIP ထောက်ပံ့မှုဖြင့် သင်ထောက်ကူ Vertical Tubular Boiler တစ်လုံး ဝယ်ယူတပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန် လျာထားလုပ်ငန်း အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံ့စက်မှုလုပ်ငန်းများနှင့် MSMEs တွင် ဘွိုင်လာစနစ်များအား ပင်မကျောရိုးသဖွယ် အသုံးပြုလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဘေးအန္တရာယ်ကင်းရှင်းကာ အကျိုးရှိထိရောက်စွာ သုံးစွဲရန်နှင့် ဘွိုင်လာဥပဒေ၊ ဘွိုင်လာလုပ်ထုံး လုပ်နည်းများ၊ ဘွိုင်လာ စံချိန် စံညွှန်းများနှင့်အညီ စစ်ဆေးရန်လိုအပ်ကြောင်း၊ ယင်းအတွက် ဘွိုင်လာ ကျွမ်းကျင်သူများ၊ ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းနိုင်သူများ၊ ဘွိုင်လာစစ်ဆေးသူများအား စံနှုန်းများအတိုင်း မွေးထုတ်သွားရမည် ဖြစ်ကြောင်း၊ သို့မှသာ စက်ရုံများ၌ ဘွိုင်လာပေါက်ကွဲမှု ဖြစ်စဉ်များ မဖြစ်ပေါ်စေဘဲ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေပြီး စွမ်းအင်လေလွင့်မှုများ လျှော့ချနိုင်၍ စွမ်းအင်ချွေတာ သုံးစွဲနိုင်မှု၊ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှု၊ ချို့ယွင်းမှုများ လျှော့ချနိုင်မှု၊ သက်တမ်းပြည့် သုံးစွဲနိုင်မှု၊ စက်ရုံရေရှည်တည်တံ့မှု၊ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မှု၊ ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်မှုစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိမည် ဖြစ်ကြောင်း၊ ဤဘွိုင်လာ သင်တန်းကျောင်းသည် ဒေသတွင်း၌ ဘွိုင်လာနည်းပညာနှင့် ကျွမ်းကျင်မှု ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးနှင့် နိုင်ငံ့စက်မှု စီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းများအား စီမံကိန်းကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ သင်ရိုးညွှန်တမ်းများအား ဖြည့်စွက်မှု၊ လက်တွေ့သုံးသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းမှုများ၊ အရည်အသွေး ဆန်းစစ်မွမ်းမံမှုများအား စီမံချက်အတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ဝန်ထမ်းများထံ ဘွိုင်လာနည်းပညာစာအုပ်များ၊ လျှပ်စစ် စံချိန်စံညွှန်းစာအုပ်များ၊ MSMEs အသိပညာပေးစာအုပ်များ ပေးအပ်လှူဒါန်းပြီး ဒုတိယဝန်ကြီးသည် ဘွိုင်လာသင်တန်းကျောင်း အဆောက်အအုံ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News