Myanmar Digital News

တိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မုံရွာ နိုဝင်ဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ် ဆေးထပ်ဆောင်း ထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ချင်းတွင်းခန်းမ၌ ကျင်းပရာ အသက်(၉)လမှ (၅၉)လ အတွင်းရှိ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးအတွင်းရှိ အသက်(၉)လမှ (၅၉)လအတွင်းရှိ ကလေးငယ်များအားလုံးကို ယခင်ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူး သည်ဖြစ်စေ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ တားဆီးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့် ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးမီကာလတွင် မိဘပြည်သူများထံ ဆေးထိုးစုရပ်နှင့် အချိန်ဇယားများ မှန်ကန်စွာရောက်ရှိရေး၊ အဓိကသတင်းစကားများ အသိပေးနိုင်ရေးနှင့်‌ ဆေးထိုးပြီးနောက် ကျန်ရှိကလေးများ အား ရှာဖွေ၍ ထိုးနှံပေးနိုင်ရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက “ဝက်သက်၊ ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးကြစို့” အထိမ်းအမှတ် ဗီဒီယိုတေးသီချင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News